မိုးညှင်းမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

မိုးညှင်း နိုဝင်ဘာ ၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်း မြို့တွင် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အခြေခံပညာ ကျောင်းများတွင် လူငယ်ရေးရာနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ (နားခါ)တွင် ဟောပြောပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်းခွဲ(နားခါ)မှ ကျောင်းအုပ် ဆရာကြီး ဦးသန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ၊ လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးစသည့် ခေါင်းစဉ်များဖြင့် လူငယ်များအသိပညာ၊ အတတ်ပညာများနှင့် ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအောင်ဇင်ဦးက အားကစားလှုပ်ရှားမှုနှင့် ပတ်သက်၍ ကျောင်းသား/သူများ ဘဝလမ်းကြောင်းမှန်ကန်ပြီး နိုင်ငံ့ဂုဏ်ဆောင်သော အားကစားသမားများ ဖြစ်ထွန်းလာစေရန်နှင့် စိတ်ဓာတ် ကျန်းမာ ကြံ့ခိုင်သည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် စသည့်အကြောင်းအရာများကို ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအတွက် အသိပညာဗဟုသုတများ ရရှိစေမည့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်