နောင်ချို အောက်တိုဘာ ၂၂
ကျောက်မဲခရိုင်၊ နောင်ချိုမြို့၌ အသက်(၉)နှစ်မှ (၁၀) နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား (HPV) သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို အောက်တိုဘာ ၂၀ရက်နေ့နှင့် ၂၁ ရက်နေ့က ဈေးရပ်ကွက်ဓမ္မာရုံနှင့် တောင်ရပ်ကွက်ဓမ္မာရုံတို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့် အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
(HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းကို ဘက်စုံသားဖွားဆရာမ ဒေါ်ထားထားနွယ်နှင့် ကျန်းမာရေး ဝန်ထမ်းများက အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ အမျိုးသမီးငယ် (၇၀) ဦးကို ပထမအကြိမ် အဖြစ် ထိုးနှံပေးခဲ့သည်။
၎င်းကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ကလေးငယ်များပုံမှန် ကာကွယ်ဆေးထိုးခြင်း အစီအစဉ်တွင် အမျိုးသမီးငယ်များအား စတင်ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးစောလျင်စွာ ထိုးနှံထားခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုကို ထိရောက်စွာ ကြိုတင်ကာကွယ်နိုင်မည် ဖြစ်ကာ နောင်ချိုမြို့နယ်အတွင်း စာရင်းကောက်ယူထားသော အမျိုးသမီးငယ် ရည်မှန်းဦးရေ (၁၅၈၉)ဦးအား ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် တာဝန်ကျဆရာမများက ထိုးနှံပေးလျက် ရှိကြောင်း၊ အောက်တိုဘာလအတွင်း ထိုးနှံရန်ကျန်ရှိသူများကို နိုဝင်ဘာလအတွင်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွေးငယ် (နောင်ချို၊ပြန်/ဆက်)