ကျေးသီး နိုဝင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျေးသီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက ဆရာတော်၊ သံဃာတော်များအား အာရုံဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး နံနက် ၉ နာရီခွဲအချိန်တွင် (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားအား ကျင်းပပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နောက်ခံသမိုင်းကြောင်း၊ အုပ်ချုပ်ရေးကဏ္ဍ၏ အရေးပါရှိမှုနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက်မှ ကျေးသီးမြို့နှင့် မိုင်းနောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး၊ ရုံးအုပ်၊ အမှုထမ်း၊ အရာထမ်းစုစုပေါင်း ၆၅ ဦးတို့အတွက် တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ရုံးဝန်ထမ်းများအား အမှတ်တရ ကံစမ်းမဲဖောက်ပေးခြင်း၊ နှစ်ပတ်လည်နေ့အထိမ်းအမှတ် မွေးနေ့ကိတ်ခွဲခြင်းများပြုလုပ်ခဲ့ပြီး လက်ဖက်ရည်နှင့် ကိတ်မုန့်များ ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။ အဆိုပါ အထွေထွေအုပ်ချုပ်ရေးဌာန နှစ်ပတ်လည်အခမ်းအနားအား နှစ်စဉ် နိုဝင်ဘာ(၇)ရက်နေ့ရောက်တိုင်း ကျင်းပလျက်ရှိပြီး ဆရာတော်၊ သံဃာတော်များအား အာရုံဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ပျော်ပွဲရွင်ပွဲများကျင်းပပေးခြင်း၊ ရုံးဝန်ထမ်းများအား ကံစမ်းမဲဖောက်ပေးခြင်း အစီအစဉ်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)