နမ့်ဆန် နိုဝင်ဘာ ၇
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ တာသိန်းဇော်မှ အဖွင့်အမှာ စကားပြောကြားရာတွင် ဒေသဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်း၊ နယ်မြေဒေသအေးချမ်းမှုမရှိသောကြောင့် ဝန်ထမ်းများတစ်ဦးနှင့် တစ်ဦး စောင့်ရှောက်စေလိုကြောင်းနှင့် နိုးနိုးကြားကြားနေစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် ဒေသအထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ဌာနနှစ်ပတ်လည်ကျင်းပရခြင်းနှင့် ဌာနစတင်ပေါ်ပေါက်လာပုံ အဆင့်ဆင့်ကို အကျယ်တစ်ဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး အခမ်းအနားတွင် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခင်ဇော်လှိုင်နှင့် အတွင်းရေးမှူး ဦးစိုးနိုင်တို့မှ တက်ရောက်လာသော ဒေသအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများအား ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်ခြင်း၊ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)