ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အခမဲ့ ကွန်ပျူတာအခြေခံသင်တန်းဖွင့်လှစ်

ကော့မှူး ဇန်နဝါရီ ၇

လူငယ်၊ လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းများရှာဖွေရာတွင် အထောက်အကူဖြစ်စေရန်နှင့် နည်းပညာဆိုင်ရာဗဟုသုတများ တိုးပွားရရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခမဲ့ ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေးနှင့် မြို့နယ်စာရေးဆရာအသင်းဥက္ကဠ  ဦးတင်လှိုင်တို့မှ အမှာစကားများကိုလည်းကောင်း၊ မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။

ကော့မှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အခမဲ့ကွန်ပျုတာသင်တန်းများကို ယနေ့အချိန်အထိ အမှတ်စဉ်(၃၁)အထိ ဖွင့်လှစ်နိုင်ခဲ့ကာ သင်တန်းသားဦးရေ (၁၄၈၃) ဦး လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပြီး  ယခု အမှတ်စဉ် (၃၂) ကို တစ်ပတ်လျှင် (၂) ရက်နှုန်းဖြင့်  (၂) လကြာ ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရပါသည်။

(မောင်အေးချမ်း)