မက်မန်း နိုဝင်ဘာ ၇
(၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့အခမ်းအနားကို မက်မန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့တွင် ယနေ့တွင် အသီးသီးကျင်းပခဲ့သည်။
ထို့သို့ (၃၅)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရာတွင် မက်မန်းမြို့၊ ပညာဒီပကျောင်းတိုက်ဆရာတော် ထေရဝါဒတောင်တန်းသာသနာပြု မဟာအဂ္ဂသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒစန္ဒသိရီထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် အာရုံဆွမ်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအား ထမင်း၊ ဟင်းများဖြင့် တည့်ခင်းဧည့်ခံကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား ကံစမ်းမဲများ ဖောက်ပေးခြင်းများလည်း ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ခရိုင်နှင့် မြို့နယ်ဝန်ထမ်းများအားညပိုင်း၌ ပျော်ပွဲရွှင်ပွဲများ ဆက်လက်ကျင်းပပေးသွားမည်ဖြစ်ကြောင်း ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
စောဥမ္မာ (ခရိုင်၊ ပြန်/ဆက်)