တာလေ အောက်တိုဘာ ၂၂
ကိုဗစ်-၁၉ ရောဂါသည် ပြည်တွင်းကူးစက်ပြန့်နှံ့မှုများ မြင့်မားလာခြင်းကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ အနယ်နယ် အရပ်ရပ်မှ ခရီးသွား ပြည်သူများမှတစ်ဆင့် ရောဂါကူးစက်ပြန့်ပွားမှုများ မရှိစေရေးအတွက် မြို့ဝင် တိုးဂိတ်နေရာရှိ ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေး ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ရောဂါကြိုတင် ကာကွယ်ရေး စစ်ဆေးခြင်း လုပ်ငန်းများကို နေ့စဉ်အရှိန် အဟုန်မပျက် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ခရီးသွားပြည်သူတိုင်း ရောဂါ ကင်းရှင်းကြောင်း ကျန်းမာရေး ထောက်ခံ ချက်ပါရှိမှသာလျှင် မြို့တွင်းသို့ ဝင်ရောက်ဖြတ်သန်းခွင့် ပြုမည် ဖြစ်ပြီး အဆိုပါထောက်ခံချက်မှာ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာ ခရီးသွားထောက်ခံချက်နှင့် ခရီးသွား ရာဇဝင် မှတ်တမ်း ကောက်ယူခြင်း၊ စာရင်းရေး သွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် Mask စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ပြီး ထောက်ခံချက် မပါရှိသူများအား မိမိနေထိုင်ရာ လိပ်စာ၊ အမည်၊ မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ်များ ကောက်ယူပြီးမှသာ မြို့တွင်းသို့ ဝင်ရောက် ဖြတ်သန်းခွင့်ပြုကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေး ထောက်ခံချက် ပါ/မပါ စစ်ဆေးခြင်း လုပ်ငန်းများကို တာလေမြို့ ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ် စစ်ဆေးရေးကော်မတီ အဖွဲ့ဝင်များ၊ ရောဂါကြိုတင်ကာကွယ်ရေးနှင့် စစ်ဆေးရေး အတွက် ဖွဲ့စည်း တာဝန် ပေးအပ်ထားသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး များနှင့် တာလေမြို့ လောကပါလ ပရဟိတ လူမှုကူညီရေးအသင်းတို့က နေ့စဉ်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)