ချမ်းမြသာစည် နို၀င်ဘာ ၇
ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) နှင့် ပြည်သူ့စာကြည့်တိုက်တို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက ကလေးအလုပ်သမား ပပျောက်ရေးအကြောင်း သိသင့်သိထိုက်သည်များကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား/သူများ စာပေနှင့်ထိတွေ့၍ စာဖတ်သည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ အသိပညာ ဗဟုသုတများဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အစုအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရှိလာစေရန်နှင့် သွက်လက်ထက်မြက်သော ကလေးများဖြစ်ပေါ်လာစေရေးတို့ကို ရည်ရွယ်၍ ကဗျာရွတ်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီ ရေးဆွဲခြင်း ပြိုင်ပွဲ၊ လမြတ်တန်ဆောင် ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်က ပြိုင်ပွဲစည်းကမ်းများနှင့် ပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အမှတ် (၂၈)၊ (၃၆)နှင့် (၃၁) အခြေခံပညာအထက်တန်းကျောင်းများမှ အလယ်တန်းကျောင်းသား/သူ (၃၀) ဦးတို့က ပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများကျင်းပပြီးနောက် ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်တို့က ဆုရရှိသော ကျောင်းသား/သူများကို ပုံဆွဲစာအုပ်၊ကျောင်းသုံးဗလာစာအုပ်နှင့် ရောင်စုံခဲတံဘူးများ အမှတ်တရလက်ဆောင်အဖြစ် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်စိမ်း၀င်း (ချမ်း/စည်)