နောင်တရား အောက်တိုဘာ ၂၂
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မိမိတို့အိမ်တွင် နေထိုင်ပြီး Online မှတစ်ဆင့် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းများ လေ့ကျင့်နိုင်စေရေးအတွက် ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ၊ နောင်တရားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပင်လောင်းမြို့နယ်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်သည်။
“ယခုလို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဖြစ်ပွားနေသည့် ကာလအတွင်းမှာ အပြင်မထွက်ဘဲ မိမိအိမ်တွင် နေထိုင်စဉ်ကာလအတွင်း ကိုယ်လက်ကြံ့ခိုင်စေရေးနှင့် အခြားသော ပြင်ပရောဂါများ ဝင်ရောက်မှုမရှိစေဖို့ အိမ်မှာနေပြီး ကိုယ်လက်လေ့ကျင့်ခန်း လေ့ကျင့်နိုင်ဖို့အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး အပတ်စဉ်တင်ဆက်သွားပါမယ် မိဘပြည်သူများ အနေဖြင့် Online မှ တစ်ဆင့် တင်ဆက်ပေးတဲ့ ကိုယ်ကာယလေ့ကျင့်ခန်းများကို လေ့ကျင့်ရင်း ကူးစက်ရောဂါကို အတူတကွတွန်းလှန်ကြ မယ်လို့ မျှော်လင့်ပါတယ်” ဟု ပင်လောင်းမြို့နယ်၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး က ပြောသည်။
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကို ပုံမှန်လေ့ကျင့်ခြင်းအားဖြင့် အယ်လ်ဇိုင်းမား ရောဂါ ဖြစ်ပွားခြင်း၊ အရိုးပွရောဂါဖြစ်ပွားခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့်ဆိုင်သော စိတ်ကျရောဂါ အကြောင်းအမျိုးမျိုးကြောင့် အသက်အရွယ်အမျိုးမျိုးတွင် သေဆုံးခြင်း၊ နှလုံးနှင့် သွေးတိုး ရောဂါခြင်း၊ လေဖြတ်ရောဂါဖြစ်ပွားမှု အန္တရာယ်မှ လျော့ကျစေခြင်း၊ သွေးချို၊ ဆီးချိုရောဂါဖြစ် ပွားခြင်း၊ အူမကြီးကင်ဆာဖြစ်ပွားခြင်း စသည့်ရောဂါများ ဖြစ်ပွားခြင်းမှ လျော့ကျစေပြီး တစ်ဖက် တစ်လမ်းမှ ကူးစက်နိုင်သည့် ရောဂါပိုးများကို ခန္ဓာကိုယ်မှ တိုက်ထုတ်နိုင်သည်ဟု သိရသည်။ အဆိုပါ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး ကိုယ်ကာယ အစီအစဉ်ကို အပတ်စဉ်ဆောင်ရွက်သွားမည်ဟု ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ခွန်အောင်(နောင်တရား)