တံတားဦး နိုဝင်ဘာ ၇
၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်သော (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်အခမ်းအနားသို့ ပင့်လျှောက်၍ ကြွရောက်တော်မူလာကြသည့် ဆရာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပူဇော်ကြသည်။ ဆက်လက်၍ အခမ်းအနားကို မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ စိန်ဖူးကျောင်းဆရာထံမှ တပည့်ဒါယကာ၊ ဒါယိကာမများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်များအား လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများကို မြို့နယ်အုပ်ချုပ်ရေးမှူးက လှူဒါန်းပူဇော်သည်။ ၎င်းနောက် ဆရာတော်များ အန္တရာယ်ကင်းပရိတ်တရားတော်များ ချီမြှင့်ပေးပြီး မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်မှ အနုမောဒနာတရားချီးမြှင့်ကာ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်ချအမျှပေးဝေကြသည်။
ထို့နောက် တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများအား ကန်တော့ခံပစ္စည်းများနှင့် ပူဇော်ကန်တော့ကြရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများကိုယ်စား အငြိမ်းဝန်ထမ်း ဦးစိုးဝင်းက ဆုတောင်းမေတ္တာစကားချီးမြှင့်ပေးသည်။ ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လက်ရှိတာဝန်ထမ်းဆောင်နေသော အသက်(၅၅)နှစ်အထက် ဝန်ထမ်းများကိုလည်း ကန်တော့ခံပစ္စည်းများနှင့် ပူဇော်ကန်တော့ကြကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)