ကျောက်ဆည် နိုဝင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျောက်ဆည်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောက်ဆည်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသိန်းက ကျောက်ဆည်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများနှင့် ပူပေါင်းပြီး ပြည်သူ့များနှင့် ထိတွေ့ဆက်ဆံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဝိုင်းဝန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းများပြည်သူများနှင့် ထိတွေ့ဆက်ဆံရာတွင် စိတ်ဓာတ်၊ အရည်အချင်း၊ ကိုယ်ကျင့်တရားကောင်းမွန်စွာဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဝိုင်းဝန်းဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်းနှင့် လုပ်ငန်းစွမ်းဆောင်ချက်များ Video Clip ကိုပြသခဲ့သည်။
ဆက်လက်ပြီး ကျောက်ဆည်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသိန်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးငွေဒိုး၊ ကျောက်ဆည်ခရိုင်၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်သွဲ့ဝေလွင်၊ အဖွဲ့ဝင်ဒေါ်ပေါက်ပေါက်နှင့် တာဝန်ရှိသူများက အရာထမ်း၊ အမှုထမ်းများမှ ရွေးချယ်ထားသော အမှုထမ်းကောင်းဆု၊ Table Tennis ပြိုင်ပွဲ၊ ဂေါက်သီးကျင်းစိမ် (အမျိုးသား) ပြိုင်ပွဲ၊ ဂေါက်သီးကျင်းစိမ် (အမျိုးသမီး) ပြိုင်ပွဲများ၌ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး အငြိမ်းစားဝန်ထမ်းဟောင်း (၁၄)ဦးအား တစ်ဦးလျှင် (၅)သောင်းကျပ်နှုန်းဖြင့် ငွေကျပ်(၇)သိန်းနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ကြောင်းနှင့် အမှတ်တရစုပေါင်း မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
တင်တင်ထွေး