လားရှိုး အောက်တိုဘာ ၂၂
လားရှိုးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ယနေ့နံနက် (၁၀)နာရီခွဲအချိန် က ကိုဗစ်-၁၉ ကြောင့် မိမိမဲဆန္ဒနယ်သို့မပြန်နိုင်သည့် မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲဆန္ဒရှင်များ ဆန္ဒမဲလာရောက်ပေးကြောင်း သိရသည်။
အဆိုပါပုံစံ(၁၅)ကို အောက်တိုဘာ(၁၀)ရက်နေ့မှ (၂၅)ရက်နေ့အထိ လျှောက်ထားနိုင်ပြီး ယနေ့တွင် မဲဆန္ဒရှင်(၄)ဦး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ လာရောက်ကာ ကြိုတင်မဲပေးခဲ့ကြပြီး အဆိုပါဆန္ဒမဲ လက်မှတ်များကို မဲဆန္ဒရှင်များကိုယ်တိုင် ချိတ်ပိတ်၍ မြို့နယ်ရွေးကောက်ပွဲအရာရှိနှင့် အဖွဲ့ဝင်များထံသို့ ပေးအပ်ခဲ့သည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအနေဖြင့် အဆိုပါဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာမဲဆန္ဒနယ်များ ဖြစ်သော ပြည်နယ်၊ တိုင်း၊ မြို့နယ်များအရောက် သက်ဆိုင်ရာ လမ်းကြောင်းများမှ ပို့ဆောင်ပေးခဲ့ကြောင်း၊ ပုံစံ(၁၅)ကြိုတင်မဲလက်မှတ်များကို နိုဝင်ဘာ(၈)ရက်ညနေ (၄)နာရီအချိန်အထိ လက်ခံမည်ဖြစ်ကြောင်း၊ လားရှိုးမြို့နယ်အနေဖြင့် မဲရုံပေါင်း (၁၅၀)ရုံရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မဲရုံမပြုလုပ်နိုင်ကြောင်း အကြောင်းကြားထားသော မဲရုံ(၇)ရှိကြောင်း သိရသည်။
လားရှိုးမြို့နယ်အတွင်းရှိ ကြိုတင်မဲဆန္ဒရှင်များမဲပေးမှုကို အောက်တိုဘာ (၁၃)ရက်နေ့က စတင်လက်ခံခဲ့ရာ အောက်တိုဘာ(၂၂)ရက်နေ့ နံနက်ပိုင်းအထိ လွှတ်တော်သုံးရပ်နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် အတွက် ကြိုတင်ဆန္ဒမဲလက်မှတ်များ အစောင်ရေ စုစုပေါင်း (၆၆၇)စောင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ကြိုတင်မဲဆန္ဒပုံးသို့ ရောက်ရှိနေပြီးဖြစ်ပြီး အဆိုပါမဲဆန္ဒရှင်များ၌ တပ်ရင်းတပ်ဖွဲ့များ၊ သင်တန်းသားများ၊ အချုပ်သားများ၊ ပြည်ပရောက်မဲဆန္ဒရှင်များ၏ လက်မှတ်များပါဝင်ကြောင်း မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ဟေမာလွင် ထံမှ သိရသည်။
ဟန်ဌေး(လားရှိုး)