ခရီးသွားလုပ်ငန်းများမြှင့်တင်မှုအနေဖြင့် ငပလီဆောင်းဦးပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပမည်

သံတွဲ နိုဝင်ဘာ ၇

ရခိုင်ပြည်နယ်ရဲ့ အဓိကခရီးစဉ်တစ်ခုဖြစ်သည့် ငပလီကမ်းခြေတွင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ အေးချမ်းသာယာစွာ လာရောက်အပန်းဖြေအနားယူနိုင်ကြောင်း အသိပေးနှိုးဆော်သည့်အနေဖြင့် ကျင်းပပြုလုပ်မည့် ငပလီဆောင်းဦးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးချစ်က အဖွင့်အမှာစကားပြောကြားရာတွင် ဆောင်းဦးပွဲတော်အား ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏လမ်းညွှန်မှုနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာကော်မတီများကလည်း မိမိတို့ကော်မတီအလိုက် တာဝန်ပေးထားသည့်လုပ်ငန်းများအား အောင်မြင်စွာဆောင်ရွက်ကြရန်နှင့် လျာထားအသုံးစရိတ်များကို အချိန်မီ တွက်ချက်မှုများအား သက်ဆိုင်ရာကော်မတီများက ကဏ္ဍအလိုက်အသီးသီးတင်ပြခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဆောင်းဦးပွဲတော်ငပလီကမ်းခြေ (Public Area) တွင် ကျင်းပပြုလုပ်နိုင်ရေးနှင့် ပွဲတော်အတွင်း မီးပုံပွဲ၊ သဲသောင်ပြင်အားကစားပြိုင်ပွဲများ၊ သဲပန်းချီပြပွဲ၊ စက်ဘီးစီးပွဲ၊ လွန်ဆွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ ညဈေးတန်း၊ ဈေးရောင်းပွဲတော်၊ တိုင်းရင်းသားရိုးရာ အစားအစာအရောင်းဆိုင်များ၊ MSME အရောင်းဆိုင်ခန်းများ၊ စတိတ်ရှိုးနှင့် တိုင်းရင်းသားရိုးရာဝတ်စား ဆင်ယဉ်မှုပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဆောင်းဦးပွဲတော်ဖြစ်မြောက်ရေးဦးစီးကော်မတီထံမှ သိရှိရသည်။

နေမျိုးအောင်(ခရိုင်ပြန်/ဆက်)