မောက်မယ် နိုဝင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက် ၁၈ နှစ်အောက် မြို့နယ်အဆင့်ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ လူရွေးပွဲကို ယနေ့နံနက်(၉)နာရီမှစ၍ အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်) အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသက် ၁၈ နှစ်အောက် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲလူရွေးပွဲအတွက် ကျောင်းသား/ ကျောင်းသူလူငယ်လူရွယ်များအနေဖြင့် အများနှင့်ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေး၊ ကိုယ်ကာယကျန်းမာဖွံ့ဖြိုးစေရန်၊ အားကစားလှုပ်ရှားမှုကို အခြေခံမှစ၍ ကျယ်ကျယ်ပြန့်ပြန့် နားလည်တတ်မြောက်စေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များရှိစေရန်၊ အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာရေးကောင်းကျိုးများရရှိစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ယခုလိုပြိုင်ပွဲ လူရွေးချယ်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ၊ အားကစားစိတ်ဓါတ်အပြည့်ဖြင့်ကစားကြရန် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းဇော်ဦးက ရှင်းလင်းပြောကြားခဲ့သည်။
ထိုသို့ အသက်၁၈နှစ်အောက် မြို့နယ်အဆင့် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ လူရွေးချယ်ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများက မီတာ ၁၀၀ ၊ မီတာ ၂၀၀၊ မီတာ ၄၀၀၊ မီတာ ၈၀၀၊ မီတာ ၁၅၀၀ အပြေးပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ သံပြားပစ်ပြိုင်ပွဲ၊ ဘောလုံး၊ ဘော်လီဘောပြိုင်ပွဲများ အသင်းလိုက်ယှဉ်ပြိုင်ကြပြီး ထူးချွန်သည့်အားကစားသမား ကျောင်းသား/ ကျောင်းသူလူငယ်များအား အသင်းလိုက်ရွေးချယ်ပြီး ခရိုင်အဆင့်မှ ပြည်နယ်အဆင့်သို့ ဆက်လက်ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)