ဟိုမိန်းမြို့တွင် အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ (HPV)ကာကွယ်ဆေး ထိုးနှံပေး

ဟိုမိန်း အောက်တိုဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့ ကျေးလက်ကျန်းမာရေးဌာနမှ အမျိုးသမီးငယ်များ ကင်ဆာရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ မိန်းကလေးငယ် များ အား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) စတင်ထိုးနှံပေးခြင်းကို ယမန်နေ့ က အမှတ်(၁) ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ (HPV) ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဟိုမိန်းကျေးလက်ကျန်းမာရေးဌာနမှ အမျိုးသမီး ကျန်းမာရေး ဆရာမ ဒေါ်နန်းလှဝင်းနှင့် ကျန်းမာရေးကြီးကြပ်(၂) ဒေါ်ခင်မာစိုး တို့က မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်ရှိ အသက် (၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ အမျိုးသမီးငယ် (၁၃)ဦးကို ပထမအကြိမ် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ပုံမှန်ကာကွယ်ဆေး ထိုးခြင်းအစီအစဉ်ကို ၂၀၂၀ပြည့်နှစ် စက်တင်ဘာလမှစပြီး နှစ်စဉ်အခမဲ့ ထိုးနှံပေးနေကြောင်းနှင့် အသက်(၉)နှစ်မှ (၁၀)နှစ်ထိ မိန်းကလေးငယ်တိုင်း တစ်ကြိမ်နှင့် တစ်ကြိမ် (၁၂)လခြားပြီး (၂)ကြိမ် ထိုးရမည်ဖြစ်ကြောင်း ဟိုမိန်းမြို့အတွင်း ကျန်ရှိနေသည့် ကျေးရွာများသို့လည်း  (HPV) ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ သိရသည်။

ရဲနောင်(ဟိုမိန်း)