မန္တလေး နိုဝင်ဘာ ၇
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၏၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်၊ အထက်မြန်မာပြည် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ၊အားကစားပြိုင်ပွဲ (အထက်မြန်မာပြည်ဇုန်) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ အောင်မြေမန္တလာအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစီအစဉ်အရ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားသူကြီး ချုပ်ဒေါ်ခင်သင်းဝေ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ လူမှုရေးရာ ဝန်ကြီး ဦးအောင်မင်းတို့က ပြိုင်ပွဲအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။ထို့နောက် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက်ရွတ်ဆိုကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ပြီး အားကစားပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းပေးအပ်များ ပေးအပ်ကြသည်။
ထို့နောက် အဖွင့်ပွဲစဉ်အဖြစ် မန္တလေးပညာရေးဒီဂရီကာလိပ်နှင့် ပခုက္ကူပညာရေးဒီဂရီကောလိပ် ဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားနေမှုများကို အားပးကြည့်ရှုကြသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆရာအတတ်ပညာဦးစီးဌာန၊ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဦးစောငြိမ်း၊ တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံခန်ခွဲရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဖိတ်ကြားတားသူများ၊ ပြိုင်ပွဲဝင် အသင်းများဖြစ်ကြသော မန္တလေး၊ မိတ္ထီလာ၊ စစ်ကိုင်း၊ ပခုက္ကူ၊ မကွေး၊ မုံရွာ၊ လားရှိုး၊ ဟားခါး၊ တောင်ကြီး၊ ကျိုင်းတုံ၊ မြစ်ကြီးနား ပညာရေးဒီဂရီကောလိပ်တို့မှ ပြိုင်ပွဲဝင်အသင်းများ၏ အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ၊ အားကစားဝါသနာရှင်များ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးကြသည်။
၂၀၂၃-၂ဝ၂၄ ပညာသင်နှစ် အထက်မြန်မာပြည် ပညာရေး ဒီဂရီကောလိပ် ပေါင်းစုံအားကစား ပြိုင်ပွဲကို နိုဝင်ဘာ ၆ရက်မှစတင်၍ နိုဝင်ဘာ ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အထက်မြန်မာပြည်(မန္တလေးဇုန်)အနေဖြင့် ပညာရေးဒီဂရီကောလိပ် ကျောင်းပေါင်း (၁၁)ကျောင်း ပါဝင်ပြီး အမျိုးသားဘောလုံးပြိုင်ပွဲတွင်(၁၁)သင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲသားတွင် (၈)သင်းနှင့် အမျိုးသမီးဘော်လီ ဘောပြိုင်ပွဲတွင်(၈)သင်း၊ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် (၈)သင်း စုစုပေါင်းကစားသမား (၃၉၈)ဦးတို့ဖြင့် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)