စစ်တွေ နိုဝင်ဘာ ၇
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းတွင် စစ်တွေမြို့အား မြို့အင်္ဂါရပ်များနှင့်အညီ စနစ်တကျ ဖော်ဆောင်နိုင်ရေးကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးအဖွဲ့ဝင်များသည် ဘဝနတ်ထံပျံလွန်တော်မူလေပြီးသော စစ်တွေမြို့ ရွာကြီးတောင်ရပ်ကွက် မဏိရတနာပရိယတ္တိစာသင်တိုက်၏ အာဒိမ္မိကဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု နိုင်ငံတော်သံဃမဟာနာယက(ငြိမ်း) ဖြစ်တော်မူသော သက်တော်(၈၂) နှစ် သိက္ခာတော် (၆၂)ဝါရှိ ကျေးဇူးတော် ရှင်ဘဒ္ဒန္တသောမမဟာထေရ် မြတ်ကြီး၏ ရုပ်ထုတော်ပူဇော်ပွဲနှင့်ပျံလွန်တော်မူခြင်း (၂) နှစ်ပြည့် သံဃာ့ဒါနဆွမ်းကျွေးအလှူမင်္ဂလာပွဲသို့ တက်ရောက်ကြပြီး ပြည်နယ်သံဃနာယကဥက္ကဋ္ဌ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဓမ္မိက တောင်ရွှေရွာကျောင်း ဆရာတော်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပျံတော်မူဆရာတော်ဘုရား၏ သီလဂုဏ်၊ သမာဓိဂုဏ် ပညာဂုဏ်များအား ဦးခိုက်လျက် ရုပ်ထုတော်အား ပညာရောင်ခြည်ကျောင်း ဆရာတော်မှ ဂုဏပူဇာဂါထာတော်ဖြင့် ကန်တော့ပူဇော်ပြီး ဆရာတော်သံဃာတော်များထံမှ မေတ္တာသုတ္တံ ပရိတ်တရားတော်များနာယူကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်ကြပြီး ဆရာတော် ဘုရားကြီး၏ အဂ္ဂါဘိဓဇမော်ကွန်းကျောင်း ဆောင်ဆောက်လုပ်နိုင်ရန်အတွက် စေတနာရှင်အလှူရှင်များက ဒုတိယအကြိမ်မြောက် အလှူငွေများအားပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံပြီး အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ တပ်ဦးဆုတောင်းပြည့်ကျောင်း ဆရာတော်ကြီးထံမှ ရေစက်ချ တရားနာယူကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့တွင်း အဆင့်မြှင့်တင်ခြင်းအတွက် မြို့တွင်းလမ်း၊ တံတားနှင့်ရေမြောင်းများ လုပ်ငန်းကော်မတီမှ ဆောင်ရွက်မည့်လုပ်ငန်းများ အခြေအနေအားလည်းကောင်း၊ ယာဉ်ယန္တရားနှင့်လုပ်အားရရှိရေး လုပ်ငန်းကော်မတီ ယာဉ်ယန္တရားဝယ်ယူရန် လျာထားစာရင်းအားလည်းကောင်း၊ စစ်တွေမြို့တွင်း အဆင့်မြှင့်တင်ခြင်းအတွက် ပတ်ဝန်ကျင်စိမ်းလန်းစိုပြေရေးနှင့် မြေယာရူခင်းပြုပြင်ရေးကော်မတီမှ ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းပန်းခြံများ ဆောင်ရွက်ရန်ထားသည့်လုပ်ငန်းများလည်းကောင်း၊ လေဆိပ်ဝဲဘက်ခြံစည်းရိုး၊ ကားပါကင်နှင့် VIP အဆောင်သို့ ယာဉ်သွားလမ်းအား သံပန်းဖြင့်စည်းခြားကာရံခြင်း၊ အမှတ်(၂) ဘုတ်ဆိပ်ဝင်းအတွင်း ကားလမ်းကွန်ကရစ်ခင်းခြင်းနှင့် အဝေးပြေးကားဂိတ်များနှာစာ ခြံစည်းရိုးကားရံမည့် နေရာများကို သသတ်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြရာလုပ်ငန်းများအား စနစ်တကျကောင်းမွန်ရေး၊ လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများပြည့်မီရေး၊ သတ်မှတ်ထားသော ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများပြီးစီးစေရေးနှင့် လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစေရေးအတွက် အလေးထား ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (ပုဏ္ဏားကျွန်း)၌ ဆောက်လုပ်ရေးသင်တန်းနှင့် လက်ကိုင်ဖုန်းပြင် သင်တန်းအမှတ်စဉ်(၉)၊ လျှပ်စစ်သင်တန်းနှင့် ဂဟေသင်တန်းအမှတ်စဉ်(၁၀)၊ မော်တော်ယာဉ်စက်ပြင်သင်တန်း အမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲသို့ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသားများအနေဖြင့် သင်တန်းက လေ့ကျင့် သင်ကြားပေးသည့် ဘာသာရပ်ဆိုင်ရာ အခြေခံပညာရပ်များနှင့် ရောင့်ရဲတင့်တိမ်မနေဘဲ နီးစပ်ရာ လုပ်ငန်းများနှင့်ဆက်ဆပ်ကာ တိုးတက်သည်ထက် တိုးတက်လာအောင် လေ့လာဆည်းပူး သွားကြရမည်ဖြစ်ကြောင်း၊ နည်းပြဆရာများအနေဖြင့် သင်တန်းသားများကို စေတာနာထားပြီး စိတ်ရှည်ရှည်နှင့်ပညာရပ်များကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်အောင် သင်ကြားပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ရခိုင်ပြည်နယ် ပြည်နယ်ဦးစီးမှူး ဦးမောင်စိုးက တိုင်းရင်းသားလူငယ်များ လူမှုစီပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေအား ရှင်းလင်းပြေားကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ပစ္စည်းများပေး အပ်ရာတာဝန်ရှိသူများက လက်ခံရယူကြသည်။
အဆိုပါ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များစက်မှုလက်မှုပညာ သင်တန်းကျောင်း (ပုဏ္ဏားကျွန်း)တွင် ဆောက်လုပ်ရေးသင်တန်းနှင့် လက်ကိုင်ဖုန်းပြင်၊ လျှပ်စစ်သင်တန်းနှင့်ဂဟေ၊ မော်တော်ယာဉ် စက်ပြင် သင်တန်းတို့၌ သင်တန်းသား ၃၅ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ(၂၂)ပတ်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ နေထိုင်စားသောက်ရေးနှင့် သင်တန်းသုံးပစ္စည်းများ အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)