လားရှိုးတွင် ဒေသထွက်နေကြာစေ့အပြင် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် နေကြာစေ့များဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများလာ

လားရှိုး နိုဝင်ဘာလ ၇  

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဒေသထွက်နေကြာစေ့များအပြင် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် နေကြာစေ့များဖြင့်လည်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ များပြားလာကြောင်း သိရသည်။

လားရှိုးမြို့တွင် ယခင်ကတည်းက နေကြာစေ့ထုတ်လုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ကြသူများရှိခဲ့ပြီး ယခုအချိန်ကာလတွင် ထိုလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ပိုမျာများလာကြောင်း သိရ သည်။

“ ဒေသထွက်နေကြာစေ့က‌တော့ သိပ်မများတော့ ကျွန်တော်တို့ တရုတ်နိုင်ငံကနေ နေကြာစေ့ကို တင်သွင်းပြီး ဒီမှာနေလှန်း ၊ လှော်ပြီး ထုပ်ပိုးရောင်းချပါတယ်။ အရင်ကတော့ တရုတ်နိုင်ငံဘက်ကနေ ကုန်စည်တင်သွင်းမှုလွယ်ကူတော့ သိပ်မခက်ဘူး။အခုတော့ တရုတ်နဲ့ကုန်စည်ကူးသန်းမှု လမ်းကြောင်းတွေ ပိတ်နေတော့ ကုန်ကြမ်းဝယ်ယူမှုက အခက်အခဲရှိလာတယ်။” ဟု နေကြာစေ့လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုသည်။

လားရှိုးမြို့တွင် ပြုလုပ်သည့် နေကြာစေ့များကို နေပြည်တော်၊  ရန်ကုန်၊ မန္တလေးမြို့များအပြင် မြန်မာနိုင်ငံအတွင်းရှိ အနယ်နယ်အရပ်ရပ်သို့ ပို့ဆောင်ရောင်းချကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)