လားရှိုးမြို့ရှောင်လမ်းတွင် လမ်းဖွင့်ချိန်အား စောင့်ဆိုင်းနေကြရသည့် ခရီးသည်တင်ယာဉ်များမှ ခရီးသွားများအား ပရဟိတအဖွဲ့များက စားသောက်စရာများလှူဒါန်း

လားရှိုး နိုဝင်ဘာလ ၇  

ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် လားရှိုးမြို့ရှောင်လမ်းတွင် ပိတ်မိနေသော ခရီးသည်တင်ယာဉ်များမှ ခရီးသွားများနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအတွက် လားရှိုးမြို့ရှိ ပရဟိတအဖွဲ့များမှ စားသောက်စရာများ သွားရောက်လှူဒါန်းလျက်ရှိကြကြောင်း သိရသည်။

အဆိုပါခရီးသွားများသည် အောက်တိုဘာလ ၂၈ ရက်နေ့မှ စတင်ကာ လားရှိုးမြို့ရှောင်လမ်းတွင် ပိတ်မိနေခြင်းဖြစ်ပြီး လမ်းပြန်ဖွင့်မည့်အချိန်အား စောင့်ဆိုင်းနေကြရခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့  မူဆယ်ဘက်ကိုသွားမလို့ပါ။ ကျွန်တော်တို့ တက်လာတဲ့နေ့မှာပဲ သိန္နီမှာလမ်းတွေပိတ် ၊တံတားတွေကျိုးနေတော့ ခရီးဆက်လို့မရဘူးဖြစ်နေတယ်။ နောက်ပြန်ဆုတ်ရအောင်ကလည်း ဂုတ်တွင်းနဲ့ နောင်ချိုနားတစ်ဝိုက်မှာလည်း လမ်းကပိတ်နေတော့ ပြန်လှည့်လို့မရဘူးဖြစ်နေတယ်။ ” ဟု ခရီးသွားတစ်ဦးကပြောသည်။

အဆိုပါ ခရီးသည်များသည် မြို့ရှောင်လမ်းအနီးရှိ စက်သုံးဆီဆိုင်အနီးတွင် ရပ်တန့်နေထိုင်နေကြရသဖြင့် ၎င်းတို့အတွက် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို လားရှိုးမြို့ရှိ ပရဟိတအဖွဲ့များက သွားရောက်လှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)