ကျိုင်းတောင်းမြို့တွင် (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေး

ကျိုင်းတောင်း အောက်တိုဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုးခြင်း အစီအစဉ်တွင် (၁၃)ခုမြောက် ကာကွယ်ဆေးဖြစ်သည့် (HPV) သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယနေ့နံနက်  ၉ နာရီခန့် က ကျိုင်းတောင်းမြို့ အမှတ်(၄) ရပ်ကွက်ရှိ ဦးအီတာလေး အိမ်၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

(HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်အနေဖြင့် ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် ဩဂုတ်လအတွင်း မွေးဖွားသည့် အသက်(၉) နှစ်မှ (၁၀)နှစ်အတွင်းရှိ မိန်းကလေးငယ်များအား အခမဲ့တစ်နှစ်ခြား (၂)ကြိမ်နှုန်းဖြင့် ထိုးနှံပေးသွားမှာဖြစ်ပြီး (HPV) သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်ကြောင်း၊ အမျိုးသမီးငယ်များကို (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး စောနိုင်သမျှ အစောဆုံးထိုးနှံပေးခြင်းဖြင့် ကြိုတင်ကာကွယ်မှုအမြင့်မားဆုံး ရရှိနိုင်မည့် အခွင့်အလမ်း တစ်ခုဖြစ်ကြောင်း သိရသည်။

ထိုသို့ (HPV) ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်မျိုးဦး ဦးဆောင်၍ သားဖွားဆရာမများ၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၂ များက အမှတ်(၁)၊ (၃)၊ (၄)၊ (၇)ရပ်ကွက်တွင် အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ အမျိုးသမီးငယ် (၃၅)ဦးခန့်ကို ပထမအကြိမ် (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် အမျိုးသမီးငယ် (၄၀)ဦးခန့်ကို ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုင်းတောင်း(ပြန်/ဆက်)