သရက် နိုဝင်ဘာ ၇
မကွေးတိုင်းဒေသကြီး သရက်မြို့တွင် အငြိမ်းစားယူထားသည့်ပညာရေး(ငြိမ်း) ဆရာကြီး(၂)ဦးအား ပီတိပညာရေးပရဟိတမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပီတိပညာရေးပရဟိတဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက ယခုလို သက်ပြည့်အငြိမ်းစားယူပြီး ဆရာကြီး ဆရာမကြီးများကို လစဉ်အလှူငွေပေးအပ်ရာမှာ စေတနာအလှူငွေ ကောက်ခံသည့်စနစ်ဖြင့် ဆောင်ရွက်၍ ထောက်ပံ့ငွေပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပီတိပညာရေးပရဟိတအဖွဲ့ဝင် ဦးမြင့်သိန်းက စေတနာအလှူငွေကောက်ခံဆောင်ရွက်ရသည့် အခြေအနေများကို ရှင်းလင်းခဲ့သည်။
ထို့နောက် အငြိမ်းစားပင်စင်ယူထားသည့် ဦးသောကြာနှင့် ဦးခင်ဇော်တို့အား ပီတိပညာရေးပရဟိတမှ ထောက်ပံ့သည့် ငွေကျပ်(၁၅)သိန်းစီကို ဆရာကြီး ဦးအောင်ကျော်စိုးနှင့် တာဝန်ရှိသူများကပေးအပ်ရာ သက်ဆိုင်သူများမှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် အငြိမ်းစားသက်ကြီးဆရာကြီး၊ ဆရာမကြီးများအား ကျန်းမာရေးစောင့်ရှောက်ရန်အတွက်အလှူငွေ(၆)သောင်းပြန်လည် လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)