တောင်ကြီး နိုဝင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ရှမ်းပြည်နယ်ဥပဒေချုပ်ရုံး၏ ကြီးကြပ်မှုအောက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသော အမှုထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်လာစေရေးအတွက် ရုံးလုပ်ငန်းသင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပြည်နယ်ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ က အဖွင့်အမှာ စကားပြောကြားရာတွင် ဝန်ထမ်းများ၏ ရှိပြီးသားအရည်အသွေးများကို ပိုမိုတိုးတက်လာအောင် သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် ထိုက်သင့်တဲ့ အတွေ့အကြုံနှင့် ပင်ကိုယ်အရည်အသွေးများရှိကြပြီးဖြစ်သည့်အတွက် ဆရာ/ဆရာမများ၏ သင်ကြားပို့ချမှုများကို မိမိတို့၏ရှိပြီးသား အရည်အသွေးများနှင့်ပေါင်းစပ်၍ ပိုမိုတိုးတက်အောင် ကြိုးစားကြစေလိုကြောင်း၊ လေ့လာသင်ယူခြင်းဖြင့် မိမိတို့၏အရည်အချင်းများကို မြှင့်တင်ကြရန်လိုပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းစည်းကမ်းများနှင့်အညီ စနစ်တကျ နေထိုင်ပြီး သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များကို သေချာလေ့လာမှတ်သား၍ နားလည်တတ်ကျွမ်းမှုရှိအောင်ကြိုးစားကြစေလိုကြောင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၂၁ ဦး တက်ရောက်ပြီး ငွေစာရင်း၊ နိုင်ငံဝန်ထမ်းဥပဒေ/နည်းဥပဒေ၊ တရားစွဲအမှုလိုက်၊ စီမံဝန်ထမ်းရေးရာ၊ မြန်မာနိုင်ငံလျှို့ဝှက်ချက်ဥပဒေ၊ ရုံးလုပ်ငန်း၊ စီမံကိန်း၊ စာရင်းစစ်၊ ပင်စင်စသည့် ဘာသာရပ်များကို ပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလအနေဖြင့် နိုဝင်ဘာလ ၆ ရက်နေ့မှ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ ရက်သတ္တတစ်ပတ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)