နေပြည်တော် နိုဝင်ဘာ ၇
၂၀၂၃ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ် ရှစ်မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ အားကစားဝါသနာရှင်များ၊ အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ၂၀၂၃ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ရှစ်မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ လေးဦးတွဲ အဖွဲ့လိုက်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ဖြစ်သည့် ပျဉ်းမနားမြို့နယ်အသင်းနှင့် ဇမ္ဗူသီရိမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် သုံးဦးတွဲအဖွဲ့လိုက်ပြိုင်ပွဲ၌ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသူအား နေပြည်တော်ကောင်စီ ညွှန်ကြားရေးမှူး ဦးသူအောင်ကလည်းကောင်း၊ လေးဦးတွဲ အဖွဲ့လိုက်ပြိုင်ပွဲ၌ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသူအား နေပြည်တော် ရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီးသိန်းဦးကလည်းကောင်း၊ သုံးဦးတွဲအဖွဲ့လိုက်ပြိုင်ပွဲ၌ တတိယရရှိသည့် ဥတ္တရသီရိမြို့နယ်အသင်းအား နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများအားလည်းကောင်း၊ လေးဦးတွဲအဖွဲ့လိုက်ပြိုင်ပွဲ၌ တတိယရရှိသည့် ဥတ္တရသီရိမြို့နယ်အသင်းအား နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးအောင်နိုင်ဆွေ က တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများအားလည်းကောင်း၊ သုံးဦးတွဲ အဖွဲ့လိုက်ပြိုင်ပွဲ၌ ဒုတိယရရှိသည့် ဇမ္ဗူသီရိမြို့နယ်အသင်းအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း က တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအားလည်းကောင်း၊ လေးဦးတွဲ အဖွဲ့လိုက် ပြိုင်ပွဲ၌ ဒုတိယရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး က တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအားလည်းကောင်း၊ သုံးဦးတွဲအဖွဲ့လိုက်ပြိုင်ပွဲ၌ပထမရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းနှင့် လေးဦးတွဲအဖွဲ့လိုက်ပြိုင်ပွဲ၌ ပထမရရှိသည့် ဇမ္ဗူသီရိ မြို့နယ်အသင်းတို့အား နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး က တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုများနှင့် တံခွန်စိုက်ဖလားတို့အား လည်းကောင်း၊ နေပြည်တော်ကောင်စီမှ ငွေသားဆုများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် အားကစားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး ပေါင်းလောင်းအားကစားကွင်းရှိ ဘောလုံးကွင်းတွင် မြို့နယ်အဆင့်ကျောင်းပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲ လူရွေးပွဲယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)