မြစ်ကြီးနား နိုဝင်ဘာ ၇
ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများဖြင့် မတည်ရင်းနှီးပေးထားသော စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ထပ်မံရင်းနှီးမတည်ပေးနိုင်ရေး ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း နှင့်အညီ စိစစ်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ် ဝန်ကြီးချုပ်သည် မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့၏ (၁၂/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ကျပ် ၈ ဘီလီယံအား စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများတွင် အဓိက ရင်းနှီးမတည်ပေးနိုင်ခဲ့သည့်အပြင် ပထမ (၆)လ အတိုးရငွေများကိုလည်း ရာနှုန်းပြည့်ရရှိခဲ့ သဖြင့် ထပ်မံ၍ အရင်းအတိုးအပြည့်အဝ ကောက်ခံ ရရှိရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ရင်းနှီးမတည်မှုများ ထပ်မံခွဲဝေပေးနိုင်ရေး ပြည်နယ်ကော်မတီအဖွဲ့ဝင်များအနေဖြင့် ခရိုင်/ မြို့နယ်ကော်မတီဝင်များနှင့် ချိတ်ဆက်ပူးပေါင်းပြီး ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် အကောင်းဆုံးဆောင်ရွက်ကြ ရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက ယူနစ်အလိုက် ကောက်ခံရရှိမှု ငွေကြေးအခြေအနေများ၊ အတိုး/ အရင်းပြန်လည်ကောက်ခံရမည့် အခြေအနေများ၊ ကဏ္ဍအလိုက် ရင်းနှီးမတည်ပေးနိုင်ခဲ့မှုများ၊ ထပ်မံရင်းနှီးမတည်ပေးနိုင်ရေး ဆောင်ရွက်သွားမည့် အစီအမံများနှင့် လိုအပ်ချက်၊ တွေ့ကြုံလာနိုင်သည့် အခက်အခဲများကို ရှင်းလင်းတင်ပြရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုရှိစေရေး အလေး ထားလိုက်နာ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် အဆိုပါခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းဆောင်ရွက်နေကြသည့် အဖွဲ့အစည်း အသီးသီးတာဝန်ရှိသူများနှင့် အတူ မြန်မာ-တရုတ်နယ်စပ်ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေး ပြည်နယ်အဆင့်လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ-တရုတ်နယ်စပ်ကုန်စည်စီးဆင်းရေးသည် ပြည်နယ်အတွင်း ကံပိုင်တည်နှင့် လွယ်ဂျယ်နယ်စပ်ဂိတ် အဓိကကျသည့် ဂိတ်များဖြစ်ပြီး မိမိတို့ အနေဖြင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ကိုဗစ်ကာလ၊ CDM ကာလများတွင် အချင်းချင်း အချိတ်အဆက်မိမိဖြင့် အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပါကြောင်း၊ ယင်းအတွေ့အကြုံများအပေါ် အခြေခံပြီး မိမိတို့အနေဖြင့် မူဝါဒ၊ ဥပဒေများနှင့် အညီ နှစ်နိုင်ငံကုန်စည်စီးဆင်းမှု မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး အခက်အခဲများ မရှိအောင် ပွင့်ပွင့်လင်းလင်းဖြင့် အကောင်းဆုံးဆွေးနွေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ကံပိုင်တည်နယ်စပ်ဂိတ်မှ တစ်ဆင့် စိုက်ပျိုးရေးသီးနှံထုတ်ကုန်များ တင်ပို့နိုင်ရေး အဖွဲ့အစည်းအသီးသီးမှ တင်ပြလာသည့် မော်တော် ယာဉ်အရေအတွက်ကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြ သည့် ကော်မတီအဖွဲ့ဝင်များ၊ ကုန်စည် ပို့ဆောင်ရေးအသင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မော်တော်ယာဉ်အသင်းများနှင့် ကုမ္ပဏီ လုပ်ငန်းရှင်များက နယ်စပ်ကုန်စည်စီးဆင်းရေးအတွက် တစ်ရှူးငှက်ပျောအပါအဝင် စိုက်ပျိုးသီးနှံ ထုတ်ကုန်များ တင်ပို့နိုင် ရာတွင် မော်တော်ယာဉ်များ စနစ်တကျ စစ်ဆေး၍ စိစစ်ခွင့်ပြုပေးနိုင်ရေး၊ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေးနှင့် လိုအပ်သည် များ၊ အခက်အခဲများကို အသီးသီးတင်ပြကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က နယ်စပ်ကုန်စည်စီးဆင်းမှုများ ပိုမိုလွယ်ကူ မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအပေါ် လိုအပ်သည်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ကုမ္ပဏီ လုပ်ငန်းရှင်များအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်