ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် ဟော်တယ်၊ မော်တယ်နှင့် တည်းခိုခန်းများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ကျောက်ဖြူ နိုဝင်ဘာ ၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ် မကျရောက်စေရန်နှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ယမန်နေ့က ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ  ဟော်တယ်၊ မော်တယ်နှင့် တည်းခိုခန်းများတွင် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါ မြို့ပေါ်ရပ်ကွက်များရှိ ဟော်တယ်၊ မော်တယ်နှင့် တည်းခိုခန်းများ၌ လျှပ်စစ်ဝါယာကြိုးများ စနစ်တကျ တပ်ဆင်အသုံးပြုမှု ရှိ/မရှိ၊ အရေးပေါ် မီးသတ်ဆေးဘူးများ ထားရှိမှု ရှိ/မရှိ၊ မီးချိတ် မီးကပ်များ၊ သဲအိတ်၊ ရေအိတ်များနှင့် အရေးပေါ် မီးငြှိမ်းသတ်နိုင်ရန် ရေလှောင်ကန်များတွင် ရေသိုလှောင်ထားရှိမှု ရှိ/မရှိ၊ မီးသတ်ဆေးဘူးများ ထားရှိရာတွင် သက်တမ်းလွန် မီးသတ်ဆေးဘူးများကို အသစ်လဲလှယ်ထားရှိ အသုံးပြုကြရန် အသိပညာပေး ဟောပြောခြင်းနှင့် မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

အလားတူ ကျောက်ဖြူမြို့အဝင် စုပေါင်းစစ်ဆေးရေးဂိတ်တွင်လည်း ကိုယ်ပိုင်မော်တော်ယာဉ်များ၊ ပုဂ္ဂလိက အဝေးပြေး အမြန်ယာဉ်လိုင်းများနှင့် စက်သုံးဆီ သယ်ဆောင်သည့် မော်တော်ယာဉ်များတွင် မီးသတ်ဆေးဘူးများ အဆင့်သင့်ထားရှိ/မရှိ စစ်ဆေးပြီး မီးသတ်ဆေးဘူးများအား သက်တမ်းလွန်ဆေးဘူးများ အသုံးမပြုရေး အသိပညာပေး ပြောကြားခဲ့ ကြကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)