ချမ်းမြသာစည် နို၀င်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အမျိုးသားလှုပ်ရှားမှုအဖြစ် အသက် ၁၈ နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို နို၀င်ဘာ ၃ ရက်မှစတင်၍ ၇၃ လမ်း၊ အားကစားသိပ္ပံရှိ အားကစားကွင်း၌ ကျင်းပသည်။
အဆိုပါ အားကစားပြိုင်ပွဲများတွင် ပြေးခုန်ပစ်၊ ဘော်လီဘော၊ Table တင်းနစ်၊ ဘောလုံး၊ ပိုက်ကျော်ခြင်းစသည့် အားကစားပြိုင်ပွဲများကို ချမ်းမြသာစည်မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အုပ်စုဇုန်များသတ်မှတ်၍ နို၀င်ဘာ ၃ ရက်မှ ၈ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲများတွင် မြို့နယ်အဆင့်လက်ရွေးစင် ရွေးချယ်ခံရသော ကျောင်းသား၊ကျောင်းသူများသည် ခရိုင်အဆင့်သို့ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(ပြန်/ဆက်)