ပြင်ဦးလွင်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ပြင်ဦးလွင် နိုဝင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပြင်ဦးလွင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်နှင့်တာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်အားကစားမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထူး၊ စာရေးဆရာကိုရွှေအောင်သင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုံလင်စွာတက်ရောက်သည်။

ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြား၍ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဆက်လက်ကျင်းပရာ ခရိုင်အားကစားမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထူးက ဗလငါးတန်အကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာကိုရွှေအောင်သင်းက အနာဂတ်ကိုပိုင်စိုးမည့်သူများ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီး ပြန်လည်ဆွေးနွေးသည့် ကျောင်းသား/ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်သည်။ ထို့နောက် စာရေးဆရာ ကိုရွှေအောင်သင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်လက်ဆောင်များပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။

ထို့နောက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသသော စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်များအား ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစားလေ့လာ ဖတ်ရှုခဲ့ကြသည်။ အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြူလူသစ်(ခရိုင်၊ပြန်/ဆက်)