စစ်တွေ နိုဝင်ဘာ ၇
အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ဆရာမများအား ဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒဆိုင်ရာ သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးပြုသင်ကြားနိုင်ရေး အရည် အသွေးမြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက စစ်တွေတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲ ဖွင့်ပွဲတွင် စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဇော်က အရည်အသွေးမြှင့် ဆွေးနွေးပတ်သက်၍ အခြေခံပညာအထက်တန်းအဆင့်သင် ဆရာ၊ဆရာမများအတွက် သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က Grade – 12 တက္ကသိုလ် ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချနိုင်ရေးအတွက် စစ်တွေတက္ကသိုလ်နှင့် ပူးပေါင်းပြီး သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။
ထို့နောက် စစ်တွေတက္ကသိုလ်ရှိ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒဘာသာရပ်ဆိုင်ရာ သင်တန်းခန်းများတွင် ပါမောက္ခများ၊ နည်းပြများက သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်ထောက်ကူပစ္စည်းများ စနစ်တကျ အသုံးပြုပုံ၊ အသုံးပြုနည်းများနှင့် သီအိုရီများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိသည်။ အလားတူ ဘာသာရပ်အလိုက် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ဆရာမများ အချင်းချင်း အုပ်စုဖွဲ့၍ အပြန်အလှန် ဆွေးနွေးခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ သင်ကြားဆွေးနွေး ပို့ချပေးနေမှုအား စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်၊ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးကြသည်။
အဆိုပါ သင်တန်းသို့ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ မောင်တောခရိုင်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်းရှိ အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမ ၅၃၀ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလ နှစ်ရက်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရသည်။
တင်ထွန်း(ပြန်/ဆက်)