မိုင်းပန် အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ဆိုင်ရာလုံခြုံရေး စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီခွဲအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် က အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လုံခြုံစွာဖြင့် ဆောင်ရွက်နိုင်ရေးအား အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ကော်မတီတွင်ပါဝင်ကြသူများ အားလုံးမှ အလေးထား ဆောင်ရွက် ကြရန် ပြောကြားခဲ့သည်။ ထို့နောက် လုံခြုံရေးအစီအမံများ ရေးဆွဲထားရှိမှုအခြေအနေနှင့် အထူးရဲသင်တန်း ပို့ချနေမှုအခြေအနေများအား ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးမြင့်ဝင်းမှ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဟန်ဌေးမှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးသို့ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆန်းမြင့်(မိုင်းပန်)