ဘူးသီးတောင် နိုဝင်ဘာ ၇
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (စတုတ္ထအကြိမ်) စတင်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီး ဌာန၏ သတ်မှတ်စည်ကမ်းချက်များနှင့်အညီ ဆေးမထိုးမီ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးတွင်းအောက်ဆီဂျင်တိုင်းတာခြင်းများ စသည့် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပြီး ကာကွယ်ဆေး ထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် စောင့်ကြည့်ကာ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး (စတုတ္ထအကြိမ်) ထိုးနှံခြင်းကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူ (၅၀၀)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
လှကျော် ( ပြန်/ဆက်)