ဂွ နိုဝင်ဘာ ၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများပါဝင်သည့် Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဥ်ကျင်းပလျက်ရှိရာ နိုဝင်ဘာလ (၄)ရက်နေ့နှင့် (၆)ရက်နေ့များတွင် လူငယ်အထူးပြု ဆောင်းပါးများဖြင့် ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိပြီး အသိပညာဗဟုသုတများ တိုးပွားလာခြင်း၊အမှားအမှန်ဝေဖန် ပိုင်ခြားနိုင်မှုများ ရရှိလာခြင်း၊ စာပေ အကြောင်း အရာများကို တစ်ဦးနှင့်တစ်ဦးဖလှယ်နိုင်ပြီး စာပေအကျိုးကျေးဇူးကို ရရှိခံစားနိုင်စေခြင်း စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် Youth Club အဖွဲ့ဝင်များကနိုဝင်ဘာလ (၄)ရက်နေ့က ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ်(၁၇)တွင်ပါရှိသည့် မိုးသက်နှင်း ရေးသားသည့် "စာတတ်မြောက်ခြင်းနှင့်နိုင်ငံဖွံ့ဖြိုး တိုးတက်မှု" ဆောင်းပါးအား လည်းကောင်း၊နိုဝင်ဘာလ(၆)ရက်နေ့တွင် စာရေးဆရာ မောင်မင်းစိုးရေးသားသည့် လူငယ်နဲ့ အထက်တန်းစားစိတ်ဓာတ်စာအုပ်ပါ "လူငယ်နဲ့တန်ဖိုး၊ လူငယ်နဲ့အဆုံးအမ၊ လူငယ်နဲ့မေတ္တာ"စသည့်ဆောင်းပါး အကြောင်းအရာများကို တစ်ဦးချင်းစီ ခြုံငုံဖတ်ကြားခဲ့ကြပြီး ဆောင်းပါး အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း နှင့် ဒုတိယဦးစီးမှူးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်