ဟိုပင် နိုဝင်ဘာ ၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ စိတ်ပျော်ရွှင်စေရန်၊ လူအများရှေ့တွင်ရဲဝင့်စွာ ပြောဆိုတတ်စေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲ (၁)နာရီက ပြပွဲ၊ ပြိုင်ပွဲများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများတွင် တက်ရောက် လာကြသည့် ကျောင်းသား၊ ကျောင်းသူ (၁၆)ဦးမှ စိတ်ပါဝင်စားစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား စာပေချစ်မြတ်နိုးသူ အသင်းဝင်များက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းစေခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်း ပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
လင်းသွယ်သွယ်ဦး ပြန်/ဆက်