ကျောက်မဲ အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ခန့်ခဲကျေးရွာအုပ်စု၊ နမ့်ဟင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း တွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန် က ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးဖြိုးပြည့်ကျော် ဦးဆောင်သော အဖွဲ့တို့ကွင်းဆင်းပြီး ဒေသခံပြည်သူများအား မိုင်းနှင့်စစ်လက်နက် အကြွင်းအကျန် အန္တရာယ် ဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ခန့်ခဲနှင့် နမ့်ဟင်ကျေးရွာမှ ပြည်သူများတက်ရောက်ခဲ့ကြပြီး ကြက်ခြေနီအသင်းခွဲမှ ဒုတိယတပ်ဖွဲ့ခွဲမှူး လွေးဥမ္မာလိုင် က စစ်လက်နက်အကြွင်းအကျန်တွေ့ပါက ကိုင်တွယ်ဆော့ကစားခြင်းမပြုဘဲ သက်ဆိုင်ရာသို့ အကြောင်းကြားရန် အစရှိသည့် ဆောင်ရန်၊ ရှောင်ရန်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်သူများအား မိုင်းနှင့်စစ်လက်နက်အကြွင်းအကျန်အန္တရာယ် အသိပညာပေးခြင်း လက်ကမ်း စာစောင်များ၊ မိုင်းရုပ်ပုံကားချပ်များပါသော ရောင်စုံစာအုပ်နှင့်ခဲတံများ၊ Mask များ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ကြွင်းကျန် စစ်လက်နက်များနှင့် မိုင်းများနှင့်ပတ်သက်၍ ဒေသခံပြည်သူများ သတိပြုဆင်ခြင်နိုင်စေရန် ရည်ရွယ်၍ ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)