ကုလားကျောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကျောက်ဆည် နိုဝင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကုလားကျောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးတွင် ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်လတ်က ကျောင်းသား/ကျောင်းသူများ အနေဖြင့် အသိပညာ ဗဟုသုတများ ပြည့်စုံရေး မှတ်သားသင့်သည့် အရာ များကို သေချာစွာ မှတ်သားနာယူကြရန်နှင့် စာအုပ်စာပေများ ဖတ်ကြရန်၊ ကျန်းမာရေး ကောင်းမွန်စွာ နေထိုင်ကြရန် အမှာစကား ပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကျောင်းစာအပြင် အားလပ်သည့် အချိန်များတွင်  စာပေဖတ်ရှုရေးနှင့် စာပေ၏ အကျိုးကျေးဇူးများအကြောင်း ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာနမှ တိုင်းရင်ဆေးမှူး ဒေါ်ဆွေဆွေမြင့်က ကျန်းမာ ပျော်ရွှင်ကျောင်းတော်တစ်ခွင်ဆိုသည့်အတိုင်း  ကျန်းမာပြီးပျော်ရွှင်သည့် ကျောင်သား/ကျောင်းသူများ ဖြစ်စေရေး နေ့စဉ် ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေးလုပ်ငန်းများနှင့် အားကစားလုပ်ငန်းများကို ညီညီညွတ်ညွတ်နှင့် လုပ်ဆောင်သွားကြရန် နှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ကာကွယ်ခြင်းနည်းလမ်းများအကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်းများကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးကုသရေး ဦးစီးဌာနမှ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ စစ်ဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)