တောင်သာ နိုဝင်ဘာ ၆
တောင်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲ နှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတ ရရှိစေရန်၊ ကျောင်းသား/ ကျောင်းသူများ ယခုလို ပြိုင်ပွဲကျင်းပခြင်းကြောင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထ ကောင်းများ ရရှိစေရန်၊ လူအများရှေ့တွင် ပြောရဲဆိုရဲ တတ်သော အလေ့အကျင့် ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ယခုလို ပြိုင်ပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်းတို့ကို ရှင်းလင်းပြောကြားပြီးနောက် ပုံပြောပြိုင်ပွဲ၊ ကဗျာ ရွတ်ဆိုပြိုင်ပွဲ၊ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများအား ဆက်လက်ကျင်းပပြသရာ ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/ ကျောင်းသူများက အသီးသီး ပါဝင်ယှဉ်ပြိုင်ကြပြီးနောက် ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲဝင်းအောင်နှင့် ဝန်ထမ်းများက မုန့်များ ကျွေးမွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို အနောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား/ ကျောင်းသူ (၂၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)