ကော့မှူး နိုဝင်ဘာ ၆
အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် မီးသတ်ဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကော့မှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝက အဖွင့်အမှာစကား ပြောကြားရာတွင် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်နိုင်ရေး အတွက်စွမ်းဆောင်ရည်ပြည့်ဝသည့် တပ်ဖွဲ့ဝင်များဖြစ်လာစေရန်ရည်ရွယ်ပြီး သင်တန်းများကိုဖွင်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း၊ ပြည်သူကြားကပေါ်ထွက်လာသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးသတ်တပ်ဖွဲ့ရဲ့ ရည်မှန်းချက်တာဝန်တွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများရရှိစေရန် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး အရန်မီးသတ် တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံယူနီ ဖောင်းဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့် အဖွဲ့ဝင် (၁) ဗိုလ်မှူးထွန်းဇော်မင်းတို့က ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ကော့မှူးမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀) ဦးအား မီးသတ်ပညာရပ်များ၊ ရှာဖွေကယ်ဆယ်ရေးပညာရပ်များနှင့် အဆင်မြှင့်စက်ကိရိယာများကိုင်တွယ်ခြင်း စသည့်ပညာရပ်များကိုမြို့နယ်မီသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးအောင်နှင့် ဒုတိယဦးစီးမှူး ဦးအောင်မင်းဝေတို့က စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ နိုင်ဝင်ဘာလ (၆) ရက်နေ့မှ ဒီဇင်ဘာလ (၁) ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်သူရ