လားရှိုး နိုဝင်ဘာလ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ စခန်း(၈)နေရာတွင် ရောက်ရှိခိုလှုံနေကြသည့် ယာယီနေရပ်စွန့်ခွာသူများအတွက် နိုင်ငံတော်ကထောက်ပံ့သည့် ဆန်ရိက္ခာဖိုး တစ်လစာ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းက ယာယီနေရပ်စွန့်ခွာသူများ ရောက်ရှိခိုလှုံနေကြသည့် စခန်း(၈)နေရာတွင် ပြုလုပ်သည်။
အဆိုပါ ဆန်ရိက္ခာဖိုးထောက်ပံ့ခြင်းကို လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းထွန်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးခမ်းလင်းနှင့် တာဝန်ရှိသူတို့က ယာယီနေရပ်စွန့်ခွာသူများရှိရာ စခန်းများသို့ သွားရောက်ကာ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
လားရှိုးမြို့တွင် ရောက်ရှိခိုလှုံနေကြသည့် ယာယီနေရပ်စွန့်ခွာသူများသည် သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း၊ ဟိုပိတ်ဘုန်းကြီးကျောင်း၊ မန်အိုင်ဘုန်းကြီးကျောင်း၊ ကက်သလစ်ဘုရားကျောင်း၊ စိန်ဂျွမ်းမေရီဗီယားဘုရားကျောင်း၊ လားဟူလူငယ်ရိပ်သာ၊ ဧဒင်ခရစ်ယာန်ကျောင်း၊ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတို့တွင် အိမ်ထောင်စု (၉၉၆) စု၊ လူဦးရေ (၃၆၉၄) ဦးတို့ရောက်ရှိခိုလှုံလျက်ရှိရာ ၎င်းတို့အတွက် ဆန်ရိက္ခာတစ်လစာ ငွေကျပ် (၃၃၂၄၆၀၀၀)ကျပ် ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်