ကချင်ပြည်နယ်ဝန်ကြီးချုပ် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျော့နည်းစေရေး နှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး အစီအစဉ် (Kaeru Caravan) သို့တက်ရောက်ကြည့်ရှုအားပေး

မြစ်ကြီးနား     နိုဝင်ဘာ ၆

ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနကကြီးမှူး၍ ကျောင်းသား/ ကျောင်းသူများ သဘာဝဘေး အန္တရာယ်လျော့ချရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရေးအတွက် ကလေးသူငယ်များ အတွက် သဘာဝဘေးအန္တရာယ် လျော့နည်းစေရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ် (Kaeru Caravan) နှင့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ လေ့ကျင့်သရုပ်ပြခြင်း အခမ်းအနားကို နိုဝင်ဘာ ၆ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်၊ အမှတ် (၁)အခြေခံ ပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သဘာဝဘေးကျရောက်သည့်အခါတွင် ကလေးများအနေဖြင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ဆုံးရှုံးနိုင်ခြေအများဆုံးဖြစ်သောကြောင့် ယခုလို (Kaeru Caravan) ဘေးအန္တရာယ်ကာကွယ်ရေး လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းအားဖြင့် ပါဝင်သူများ အနေဖြင့်အလေ့အကျင့်ရရှိစေခြင်း၊ ဂိမ်းပုံစံပြုလုပ်ပြီးလေ့လာဆော့ကစားနိုင်ခြင်းကြောင့် ဒေသတွင်း ဘေးအန္တရာယ်ကာကွယ်ရေး အတွေ့အကြုံများနှင့် အသိပညာများ ပိုမိုရရှိစေနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ကျောင်းသား/ကျောင်းသူများအနေဖြင့်လည်း ဤကစားနည်းများမှရရှိသည့် အတွေ့အကြုံ များဖြင့် သဘာဝဘေးအန္တရာယ်အရေးပေါ်အခြေအနေများ ကြုံတွေ့လာပါက ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ရေးအတွက် စိတ်ပါဝင်စားစွာလိုက်ပါဆောင်ရွက်သွားကြရန်လိုကြောင်းတိုက်တွန်းမှာ ကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ခန်းမအတွင်း ပြည်နယ်/ ခရိုင်/ မြို့နယ်မီးသတ်ဦးစီးဌာနများမှ အရာထမ်း/ အမှုထမ်းများက ကျောင်းသား/ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ကစားနည်း (၁၀)မျိုးအား လက်တွေ့သရုပ်ပြသခြင်း၊ ကျောင်းသား/ကျောင်းသူများကိုယ်တိုင် ပါဝင်ဆော့စကားခြင်းတို့ဖြင့် အသိပညာပေးဆောင်ရွက်နေမှု များကိုလည်းကောင်း မီးသတ်ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးငြှိမ်း သတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဖြင့် လေ့ကျင့်သရုပ်ပြသမှုများကို ကြည့်ရှုအားပေးခဲ့ကြ ကြောင်းသိရသည်။

ပြည်နယ်ပြန်/ဆက်