မိုးကောင်းမြို့၌ နဂါးရုံစေတီတော် ဌာပနာတော်သွင်းမင်္ဂလာအခမ်းအနားကျင်းပ

မိုးကောင်း နိုဝင်ဘာ ၆

ကချင်ပြည်နယ်၊ မိုးကောင်းမြို့ ပြည်လုံးချမ်းသာရွှေသာလျောင်းဘုရားကြီးဝင်းအတွင်းရှိ ရေကန်တော်တွင် တည်ထားကိုးကွယ် တော်မူသော နဂါးရုံစေတီတော် ဌာပနာတော်သွင်းမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်(၈)နာရီတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ တောင်ကျောင်းတိုက်ဆရာတော်အမှူးပြုသော ပင့်သံဃာတော်များ၊ ဌာပနာတော် အလှူရှင်များနှင့် ဖိတ်ကြားထား သော ဧည့်သည်တော်များ တက်ရောက်ကြသည်။ ဌာပနာတော်သွင်း မင်္ဂလာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ ရတနာသုံးပါး ရွတ်ဆိုပူဇော်ကြပြီး တောင်ကျောင်းတိုက်ဆရာတော်ထံ ငါးပါးသီလခံယူတည်ဆောက် ကြသည်။

ဆက်လက်၍ ဌာပနာဓာတ်တော်များအား သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြပြီး သံဃာတော်များ၊ အလှူရှင်များနှင့် ဂေါပကအဖွဲ့ဝင်များက ဌာပနာတော်ဓာတ်တော်များ ပင့်ဆောင်ကာ နဂါးရုံ စေတီတော်၌ ဌာပနာသွင်းမင်္ဂလာဆောင်ရွက်ကြသည်။

ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ဌာပနာတော်သွင်း မင်္ဂလာအောင်မြင်ပြီးမြောက်ခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)