ဒဂုံမြောက် နိုဝင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပင်လုံလမ်းရှိ မြို့နယ်မီးသတ်ဦးစီးဌာန သင်တန်းခန်းမတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း(၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးသန်းဝင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် လုပ်သားပြည်သူများ၏ ဘဝများ ငြိမ်းချမ်းသာယာစေရန်နှင့် လုံခြုံစိတ်ချရစေရန် မြို့နယ်အတွင်းဖွဲ့စည်းထားရှိပြီးသော အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးသတ်ပညာရပ်များ၊ ကယ်ဆယ်ရေးပညာရပ်များ တတ်မြောက်စေရေးနှင့် စည်းကမ်းသေဝပ်မှုရှိစေရေးတို့အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းများကို နှစ်စဉ်လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ အရန်မီးသတ်တပ်ဖွဲ့ဆိုတာ စေတနာ၊ ဝါသနာ၊ အနစ်နာဆိုတဲ့နာသုံးနာကိုအခြေခံပြီး စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ရသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ရဲ့ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ ရှာဖွေကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးစတဲ့ ရည်မှန်းချက်လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးအနေဖြင့် သိသင့်သိထိုက်သော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ မီးသတ်ပညာရပ်များ၊ ကယ်ဆယ်ရေးဆိုင်ရာ ပညာရပ်များကို အခြေခံမှစ၍သင်ကြားပေးမှာဖြစ်တဲ့အတွက် သင်တန်းပြီးမြောက်သည်အထိ လေ့လာဆည်းပူးသင်ယူကြပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် လက်တွဲ၍ ဆောင်ရွက်သွားကြရန်” တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲဝင်(၂) ဦးမြင့်ဇော်က သင်တန်းသား ဝတ်စုံများပေးအပ်ခဲ့ရာ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးမှ လက်ခံရယူခဲ့သည်။ ဆက်လက်၍ မြိုနယ်မီးသတ်ဦးစီးမှူး ဦးတင်ထွန်းအောင်က သင်တန်းစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသားများ တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းသို့ နည်းပြ(၅)ဦး သင်တန်းသား (၅၀)ဦးဖြင့် နိုဝင်ဘာလ ၆ ရက်နေ့မှ ဒီဇင်ဘာ ၁ ရက် ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ