ဒလမြို့နယ် ဟာမိုနီကိုယ်ပိုင်အထက်တန်းကျောင်းတွင် လူငယ်များဗလ ငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်းကျင်းပ

ဒလ နိုဝင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန (ဟာမိုနီကိုယ်ပိုင်အထက်တန်းကျောင်း)တို့ ပူးပေါင်း၍ လူငယ်များဗလငါးတန်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးနှင့် လူငယ်စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေ ရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က  ဟာမိုနီကိုယ်ပိုင်အထက်တန်းကျောင်း  ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟာမိုနီကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသူလေးများက မြန်မာ့ကျောင်းတေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်မောင်မောင်က အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်စကားဝိုင်းကျင်းပ ရခြင်းမှာ လူငယ်များ အသိပညာ၊ အတတ်ပညာနှင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုတဲ့ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်လာစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနဲ့တစ်ဦး ရင်းနှီးခင်မင်ကာ ပူးပေါင်းဆောင်ရွက်နိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန် စသည့်အကြောင်းအရာများကို ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သီတာဝင်း ကဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး Grade-10 ကျောင်းသား မောင်ပိုင်ပြည့်ခန့်မှ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးကိုလည်းကောင်း၊ Grade-11 ကျောင်းသူ မမိုးဟေမာန်မှ လူငယ်နှင့်စာရိတ္တကိုလည်းကောင်း၊ Grade-11 ကျောင်းသူ မနွေးထွေးလှိုင်မှ လူငယ်နှင့်နည်းပညာကိုလည်းကောင်း၊ Grade-11 ကျောင်းသူ မဂျူးဂျူးနိုင်မှ လူငယ်နှင့်မူးယစ်ဆေးကိုလည်းကောင်း၊ Grade-10ကျောင်းသူ မဆုဆုစံမှ လူငယ်နှင့်တက်လမ်း ကိုလည်းကောင်း၊ Grade-11 ကျောင်းသူ မသင်းနွယ်ဇင်မှ လူငယ်နှင့်ဝါသနာ စသည့်ခေါင်းစဥ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများထဲမှ ခေါင်းစဥ်အလိုက် သိရှိလိုသည်များကို မေးမြန်းခဲ့ရာဦးဆောင်ဆွေးနွေးခဲ့သော ကျောင်းသား၊ ကျောင်းသူများမှ ပြန်လည်ဖြေကြားခဲ့ကြသည်။

အဆိုပါလူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဟာမိုနီကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဘုန်းကြွယ်ဇံက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် ဟာမိုနီကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသူလေးများက အနာဂတ်လူရည်မွန်တေးသီချင်း ဖြင့် သီဆိုဖျော်ဖြေ၍အခမ်းအနား အားရုပ်သိမ်းခဲ့ကြသည်။

လူငယ်စကားဝိုင်းအခမ်းအနားသို့ ဌာနဆိုင်ရာအကြီး အကဲများ၊ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့်ကျောင်းသား၊ ကျောင်းသူစုစုပေါင်း အင်အား(၃၀၀)ဦး တက်ရောက်ခဲ့ကြသည်။ ယနေ့ကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်စာစောင် များခင်းကျင်းပြသထားရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားကြည့်ရှု့လေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။

မြင့်ဇော် (ပြန်/ဆက်)