ပူတာအိုဒေသထွက် ကျောက်ကြမ်းပိုး(ခေါ်)အင်းဆက်ကောင်များ ယခင်နှစ်ထက်ဈေးကောင်း ရရှိသဖြင့် မိသားစုအပိုဝင်ငွေရရှိ

ပူတာအို   နိုဝင်ဘာ   ၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ကျောက်ကြမ်းပိုး(ခေါ်)အင်းဆက်ကောင်များအား ယခင် နှစ်ထက်ဈေးကောင်းပေးဝယ်သဖြင့် ကျောက်ကြမ်းပိုးရှာဖွေသူများ မိသားစုအပိုဝင်ရရှိကြောင်းသိရသည်။

“ဒီနှစ်မှာတော့ မနှစ်တုန်းကထက် ဈေးကရရှိလာတော့ မြစ်၊ ချောင်းတွေမှာလည်း ကျောက် ကြမ်းပိုးရှာတဲ့လူတွေများလာတယ်။ ကျောက်ကြမ်းပိုးလည်း ဈေးကောင်းရလာတာနဲ့အမျှရဖို့က မလွယ်တော့ဘူး။ ဒီနှစ်တော့များများရတာကနည်းတယ်။ အခုရာသီမှာကတော့ ကျောက်ကြမ်းပိုး ဖမ်းတဲ့ရာသီမို့လို့ လူတွေက ဒါကိုပဲ အာရုံ စိုက်ကြရှာကြတယ်လေ။ ဒီကျောက်ကြမ်းပိုးကို ငရုတ်သီး ထောင်းစားရင်အရမ်းစားကောင်းတာ။ တစ်ချို့ကျတော့ အကောင်လိုက် လှော်ပြီးစားကြတယ်။ ဈေးရလာတော့ စားဖို့တောင်မရှိတော့ဘူး”လို့ ကိုယ်တိုင်ကျောက်ကြမ်းပိုးရှာဖွေသူ ဒေသခံ ကိုဒီးရမ်က ပြောသည်။

ပူတာအိုဒေသတွင် ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလမှမတ်လအထိသာတွေ့ရှိရသည့် ကျောက်ကြမ်းပိုး(ခေါ်)အင်းဆက်နွယ်ဝင်အမျိုးအစားဖြစ်ပြီး အကောင်အကြီးနှင့်အကောင်အသေးဟူ ၍နှစ်မျိုးရှိရာ အကောင်အသေးအမျိုးအစားတစ်မျိုးသာလျှင် ဈေးနှုန်းပိုရရှိကြောင်းသိရသည်။

ကျောက်ကြမ်းပိုးကို ယခင်နှစ်က နို့ဆီဗူးတစ်ဗူးလျှင် ကျပ်တစ်သောင်းနှင့်တစ်သောင်းခွဲကြား၊ တစ်ပိဿာလျှင် ကျပ်တစ်သိန်းခုနှစ်သောင်းနှင့်နှစ်သိန်းကြားဈေးရရှိခဲ့ပြီး ယခုနှစ်တွင် နို့ဆီဗူးတစ်ဗူး လျှင် ယခုလက်ရှိပေါက်ဈေးအရ ကျပ်နှစ်သောင်းနှင့်သုံးသောင်းကြား၊ တစ်ပိဿာလျှင်ကျပ်ငါးသိန်း အထိဈေးကောင်းပေးဝယ်သဖြင့် မြစ်ချောင်း ကမ်းစပ်များတွင် ကျောက်ကြမ်းပိုးရှာဖွေသူများပြား လာခြင်းဖြစ်ကြောင်းသိရသည်။

ကျောက်ကြမ်းပိုး အင်းဆက်ကောင်များသည် လူသူအရောက်အပေါက်နည်းသောချောင်းများ ချောင်းစပ် ကျောက်ကြို ကျောက်ကြားများတွင် ခိုအောင်းနေထိုင်လျက်ရှိပြီး နံနက်ပိုင်းတွင် ကျောက် ခဲများကိုလှန်၍ရှာဖွေရသလို ညနေပိုင်းအစာရှာထွက်ချိန်တွင် ဝါး၊ ခြင်ထောင် ၊ဇကာခြင်း၊ ရိုက်တံရှည်၊ မိုးကာအကြည်၊ ပိုက်များဖြင့်ဖမ်းလေ့ရှိကြောင်းသိရသည်။

အဆိုပါကျောက်ကြမ်းပိုးအင်းဆက်ကောင်များသည် ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ ခေါင် လန်ဖူးနှင့် ပန်နန်းဒင်စသည့် မြို့နယ်များရှိ မုန်လန်ချောင်း၊ နမ်ရင်ချောင်း၊ ကဆန်ချောင်း၊ မေခနှင့် မလိခမြစ်တို့တွင် အများအားဖြင့် ဖမ်းယူရရှိကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)