ညောင်ဦး နိုဝင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ စတုမုခဂူဘုရားအတွင်းရှိ မတ်ရပ်ရုပ်ပွားတော်နှင့် ထိုင်တော်မူဆင်းတုတော်တို့ကို ဖူးမြော်ပြီး ဂူဘုရားအတွင်းရှိ နံရံပန်းချီများနှင့်တည်ဆောက်ပုံဗိသုကာပုံစံတို့ကို လေ့လာနိုင်ကြောင်း သိရသည်။
စတုမုခဂူဘုရားသည် ညောင်ဦးမြို့မှ ပုဂံမြို့ဟောင်းသွားကားလမ်းမကြီးအတိုင်း ထီးလိုမင်းလိုဘုရား၏ မြောက်ဘက်တွင်တည်ရှိသည်။စတုမုခဂူဘုရားသည် မုခ်လေးမုခ်ဖြင့် တည်ဆောက်ထားပြီး အရှေ့ဘက်မုခ်နှင့်အနောက်ဘက်မုခ်တို့တွင် ထိုင်တော်မူဆင်း တုတော်ရှိပြီး မြောက်ဘက်မုခ်နှင့်တောင်ဘက်မုခ်တို့တွင် မတ်ရပ်ဆင်းတုတော်နှစ်ဆူ တို့အားဖူးမြော်နိုင်သည်။ ဂူဘုရားအတွင်း အမိုးမျက်နှာကျက်နှင့်နံရံတို့တွင် ပန်းတန်းရှည် နံရံပန်းချီးများ၊ အနက်ရောင်ဆေးတို့ဖြင့်ရေးဆွဲထားသည့် မုခ်အဝင်းအတွင်းဘက် နံရံပန်းချီများကို လေ့လာနိုင် ကြောင်းသိရသည်။ စတုမုခဂူဘုရားသည် ကွမ်းတောင်ပေါက်မုခ်လေး မုခ်ပါဂူဘုရားဖြစ်ပြီး ပစ္စယာအဆင့်ဆင့်တို့ဖြင့် ကွမ်းတောင်ပေါက်တည်ထားကြောင်း အင်္ဂတေပန်းဆွဲလက်ရာ အနည်းငယ်နှင့်ရှေးဟောင်းအုတ်နီရောင်တို့ဖြင့် ဗိသုကာပညာ အဆင့်အတန်းမြင့်မားစွာ တည်ဆောက်ထားသည်ကို လေ့လာနိုင်ကြောင်း သိရသည်။
စတုမုခဂူဘုရား၏တောင်ဘက်တွင် ထီးလိုမင်းလိုဘုရား၊ ခေမင်္ဂဘုရားစု၊ အနောက်ဘက်တွင် ရင်မနားဘုရားစုတို့ကိုလည်း တစ်ဆက်တစပ်တည်းလေ့လာဖူးမြော်နိုင်ကြောင်း ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေထဲတွင် ဘုရား၊ စေတီ၊ ပုထိုး၊ သာသနိက အဆောက်အအုံ ၃၈၂၂ ခုကိုလည်း မတူညီသည့် တည်ထားမှုပုံစံအမျိုးမျိုးကိုလေ့လာနိုင်ကြောင်းသိရသည်။
ဒီပါလင်း