မိုင်းယောင်း ဖေဖော်ဝါရီ ၂၆
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့တွင် အမှတ်(၈)ရပ်ကွက်ရှိ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဆရာမ ဒေါ်နန်းနွဲ့က အသက်ရှည်ကျန်းမာရန် ကျန်းမာရေးနှင့်ညီညွတ်အောင် နေထိုင်စားသောက်ကြရန်၊ ပြည့်စုံကျန်းမာသော လူနေမှုဘဝကို ရရှိရန်အတွက် ကျန်းမာအောင် ကြိုးစားကြရန်၊ ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းဖြင့် ရရှိလာမည့် အကျိုး ကျေးဇူးများအကြောင်းကို ကလေးမိဘများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မိခင်နှင့်ကလေး ကျန်းမာရေးဆရာမ ဒေါ်နန်းမွေဖောင်းနှင့် မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဝင်များက ကလေးငယ်များအား နို့ဘူးများ ပေးဝေခဲ့ပြီး ဗီတာမင်အေနှင့် သန်ချဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း (ပြန်/ဆက်)