ရန်ကုန် နိုဝင်ဘာ ၆
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၃) ဖွင့်ပွဲကို မြို့နယ်မီးသတ်ဦးစီးဌာန၊ သင်တန်းခန်းမတွင် ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေးက အဖွင့်အမှာစကား ပြောကြားရာတွင် “အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးသတ်ပညာရပ်များနှင့် ကယ်ဆယ်ရေးပညာရပ်များအား ကျွမ်းကျင်တတ်မြောက်စေရန်အတွက် သင်တန်းမှပို့ချမှုများကို ကြိုးစားသင်ယူကြစေလိုကြောင်း၊ မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်များဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရေး စသည့်လုပ်ငန်းများကို ဆောင်ရွက်သွားကြစေလိုကြောင်း” ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းသားအရန်မီးသတ်တပ်ဖွဲ့ဝင်များအား တာဝန်ရှိသူများက ယူနီဖောင်းများ ပေးအပ်ခဲ့ကြသည်။ သင်တန်းကို နိုဝင်ဘာ ၆ ရက်နေ့မှစတင်၍ ရက်သတ္တပတ် ၄ ပတ်ကြာ ဖွင့်လှစ်သင်ကြားမှာဖြစ်ပြီး အပိုင်း(၂)ပိုင်းခွဲ၍ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။ သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များမှာ အခြေခံစစ်ရေးပြဘာသာရပ်၊ မီးလောင်မှုသဘောတရားမျာ၊ မီးငြှိမ်းသတ်ရေးနည်းစနစ်များ၊ အဆင့်မြင့်မီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများဖြင့်လေ့ကျင့်ခြင်း စသည်တို့ကိုသင်ကြားပြသသွားမည်ဖြစ်ရာ သင်တန်းသား ၅၀ ဦးတို့က တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)