ရန်ကုန် နိုဝင်ဘာ ၆
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် နိုဝင်ဘာလ ၇ ရက်နေ့တွင်ရောက်ရှိမည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅) နှစ်မြောက် ဌာနနှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အလှူဒါနကုသိုလ်ပြုခြင်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မင်းအေးဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များကို နာယူခဲ့ကြပြီး ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းမှုများအတွက် သံဃာတော်များက သာဓုအနုမောဒနာတရားများ ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များကို နေ့လယ်စာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး ဒေါပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား ဂုဏ်ပြုလက်ဆောင်များကို မဲဖောက်၍ ချီးမြှင့်ပေးခဲ့ကြောင်းလည်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)