နောင်ချို အောက်တိုဘာ ၂၂
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ အုမ္မခါးကျေးရွာအုပ်စုနောင်ဖာကျေးရွာ၊ ဦးပညာ၏ နေအိမ်အနီးတွင် ရင်စို့လုံးပတ် ၂၇ ပေ ၈ လက်မ၊ ခန့်မှန်းအမြင့် (၁၅၀)ပေ ရှိစကားဝါပင်ကြီးကို ရှမ်းပြည်နယ်၏ အကြီးဆုံး စကားဝါပင်ကြီးအဖြစ် ယမန်နေ့က ရှမ်းပြည်နယ်သစ်တောဦးစီးဌာန မှ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စကားဝါပင်မှရနံ့မွေးသောပန်းများ ဇွန်လမှစက်တင်ဘာလအထိ ဖူးပွင့်ပြီး မြန်မာနိုင်ငံတွင် ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်းနှင့် တနင်္သာရီဒေသတို့တွင် အများဆုံးတွေ့ရကြောင်း၊ ပေပေါင်း ၁၆၀ နီးပါးမြင့်သော အမြဲစိမ်း အပင်ကြီးမျိုးဖြစ်ကာ အများအားဖြင့် လုံးပတ် ၁၆ ပေ ခန့်သာအကြီးဆုံး တွေ့ရှိရသော်လည်း ယခုမှတ်တမ်းတင်နိုင်ခဲ့သည့် စကားဝါပင်ကြီးသည် ရင်စို့လုံးပတ် ၂၇ ပေ ၈လက်မ ရှိရာ အကြီးဆုံးစကားဝါပင်ဟု ယူဆရကြောင်း၊ အရွယ်အစားကြီးမားသည့် စကားဝါပင်ကြီးကို ရှမ်းပြည်နယ်တွင် တွေ့ရှိရခြင်းသည် ဒေသခံတိုင်းရင်းသားတို့၏ ဆွေစဉ်မျိုးဆက်နှစ်ပေါင်းများစွာ ထိန်းသိမ်းလာနိုင်မှုကြောင့် ယခုကဲ့သို့ ဂုဏ်ယူစွာ တွေ့မြင်နိုင်ခြင်းဖြစ်ကြောင်း နောင်ချိုမြို့နယ် သစ်တောဦးစီးဌာန မှ သိရသည်။
နောင်ချိုမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် အကြီးဆုံးအပင်ကြီးများကို ရှာဖွေမှတ်တမ်း တင်လျက်ရှိပြီး အဆိုပါအပင်ကြီးများ ရေရှည်တည်တံ့စေရေးအတွက် သစ်တောဦးစီးဌာနနှင့် ဒေသခံပြည်သူများ ပူးပေါင်းထိန်းသိမ်း စောင့်ရှောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွေးငယ် (နောင်ချို၊ ပြန်/ဆက်)