ကလော နိုဝင်ဘာ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ် အောင်ပန်းမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းဖြစ်သည့် အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း၊ အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှုသင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ပြည်နယ်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိ၊ ရပ်ဖနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များသည် ပညာရှာမှီးရင်း တိုင်းရင်းသားအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲသည့် လူငယ်များဖြစ်လာစေရန်၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်ရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေးတည်းဟူသောဒို့တာဝန်အရေးသုံးပါးကိုသက်ဝင်ယုံ ကြည်၍ ထိန်းသိမ်းစောင့်ရှောက်သောလူငယ်များဖြစ်လာစေရန်၊ စက်မှုလက်မှုပညာရပ်များ တက်မြောက်၍ သင်တန်းဆင်ပြီးသွားပါက မိမိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြန်လည်ဆောင်ရွက်စေရန်၊ နယ်စပ်ဒေသစက်မှုလက်မှုလုပ်ငန်းများ ထူထောင်ရာတွင် ကျွမ်းကျင်လုပ်သားများပေါ်ထွက်လာစေရန်နှင့် စက်မှုလက်မှုပညာရပ်များ တက်မြောက်၍ သင်တန်းဆင်းပြီးသွားပါက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းဖြင့် စားဝတ်နေရေး ဘက်စုံတိုးတက်ပြီး လူနေမှုအဆင့်အတန်းမြင့်မားလာစေရန် ရည်ရွယ်ချက်(၅)ရပ်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဟိုတယ်ဝန်ဆောင်မှုသင်တန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ညီညီဝင်းက သင်တန်းနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါသင်တန်းအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်ဝန်ကြီးချုပ်က ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ သင်တန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးကလက်ခံရရယူခဲ့သည်။
အဆိုပါသင်တန်းတွင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ဘာသာရပ်တွေဖြစ်တဲ့ အိပ်ခန်းဆောင် ထိန်းသိမ်းရေးသင်တန်းတွင် သင်တန်းသား (၁၅) ဦးနှင့် အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်း (F&B) သင်တန်းတွင်သင်တန်းသား(၁၅)ဦးတို့ကို စာတွေ့ ၁၂ ပတ် ၃ လ အား ကျွမ်းကျင်နည်းပြများဖြင့် သင်ကြားပေးသွားမှာ ဖြစ်ပြီး စာတွေ့ပြီးဆုံးပါက ဒေသအတွင်းရှိ ဟိုတယ်များတွင် လုပ်ငန်းခွင်သင်တန်း On Jop Training (OJT) သုံးလအား လက်တွေ့ လေ့လာဆောင်ရွက်စေမှာဖြစ်ကြောင်း၊ စာတွေ့လက်တွေ့ကာလ ပြီးဆုံးသွားပါက စာတွေ့သင်ကြားမှုအရည်အချင်းနှင့် လက်တွေ့လုပ်ငန်းခွင်တွင် လိုက်နာဆောင်ရွက်မှု အရည်အချင်းများအရ သင်တန်းဆင်းအောင်လက်မှတ်များကို တစ်ပါတည်းချီးမြှင့် ပေးအပ်သွားမှာဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)