သင်္ဃန်းကျွန်း နိုဝင်ဘာ ၆
သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၌ ဓမ္မာဝိဟာရပထမကျော် စာသင်တိုက်နှင့် ဓမ္မာရိပ်သာဘုန်းတော်ကြီးကျောင်းတွင် သိမ်ကျောင်းတော်ရေစက်ချပွဲ၊ ကထိန်သင်္ကန်းကပ်လှူပွဲနှင့် အလှူတော်ငွေပေးအပ်ပွဲ မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၉း၀၀)နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ င/က ရပ်ကွက်၊ ဇာဝေယာလမ်းရှိ ဓမ္မာဝိဟာရပထမကျော် စာသင်တိုက်နှင့် ဓမ္မာရိပ်သာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော် ရွတ်ဖတ်ချီးမြှင့်ခြင်း၊ ကထိန်သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခြင်း၊ ဓမ္မဝိဟာရ မူလွန်(ဘက)ကျောင်း အကယ်ဒမီ(ရန်ကုန်)အတွက် မတည်လှူဒါန်းသည့် အလှူတော်ငွေကျပ်သိန်း(၁၀၀၀)ကို ဆရာတော်ကြီးကိုယ်စား အကယ်ဒမီ ခန့်စည်သူမှလည်းကောင်း ဓမ္မဝိဟာရမူလွန်(ဘက)ကျောင်း အကယ်ဒမီ(ရန်ကုန်)အတွက် ကျောင်းအကျိုးဆောင်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးဖြူဝင်း(ငြိမ်း)+ဒေါ်အေးအေးစိုးမိသားစုမှ အလှူတော်ငွေကျပ်သိန်း(၅၀)ကို သားဖြစ်သူဗိုလ်ကြီးသော်ဇဉ်ထွန်း မိသားစုမှလည်းကောင်း ဓမ္မဝိဟာရမူလွန်(ဘက)ကျောင်း အကယ်ဒမီ(ရန်ကုန်) သာသနာအမွေခံယူပွဲအတွက် ကျောင်းအကျိုးဆောင်အဖွဲ့၊ ဒုတိယဥက္ကဋ္ဌ သီဟသုဓမ္မသိင်္ဂီ ဒေါ်ခင်သီတာနှင့် သားဖိုးသီလမိသားစုမှ အလှူတော်ငွေ ကျပ်သိန်း(၁၀၀)ကိုလည်းကောင်း ရွှေစည်းခုံသိမ်ဘုရားကျောင်းတော်ကြီးအတွက် ကျောင်းအကျိုးဆောင်အဖွဲ့ အတွင်းရေးမှူး အကယ်ဒမီ ခန့်စည်သူမှ အလှူတော်ငွေကျပ် သိန်း(၁၀၀)တို့ကို အသီးသီးလှူဒါန်းခဲ့ကြပါသည်။
ထို့နောက် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သင်္ဃန်းကျွန်းမြို့နယ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဓမ္မဝိဟာရကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဂရုဝံသာဘိဝံသထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေခြင်း၊ ဗုဒ္ဓသာသနံစိရံတိဌတု-(၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးဇော်ဦး၊ အလှူဒါယကာသီရိသုဓမ္မမဏိဇောတဓရ ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် အကယ်ဒမီခန့်စည်သူ၊ ဖိတ်ကြားထားသော ဧည့်သည်တော်နှင့် ပညာသင်ကြားနေသော ကျောင်းသား/သူ(၅၅၀)ဦးခန့် တက်ရောက်ခဲ့သည်။
လှနွယ်လေး(သင်္ဃန်းကျွန်း)