သံဖြူဇရပ် နိုဝင်ဘာ ၆
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ၂၀၂၄ ခုနှစ် ASEAN Smoke Free Award (ASA) ပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးအတွက် ကျိုက္ခမီမြို့ ကျိုက္ခမီရေလယ်ဘုရား ကုန်းတော်ပေါ်၌ ဆေလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် သတ်မှတ်ပြီး "ဆေးလိပ်ငွေ့ကင်းစင် နယ်မြေအဖြစ် လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိ့နှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင် မြတ်ဘုရားကြီးကုန်းတော်ပေါ်ရှိ သာသနာ့ဗိမာန်ခန်းမ၌ကျင်းပရာ မြို့နယ်ဆေးလိပ်ငွေ့ကင်းစင်ရေး အကောင်အထည်ဖေါ် ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျိုက္ခမီမြို့ဘုရားဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ဘုရားပုရဝုဏ်အတွင်းရှိ စျေးဆိုင်ခန်းများမှဆိုင်ရှင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မြို့နယ်အကောင်အထည်ဖေါ်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် သံဖြူဇရပ်မြို့နယ်၌ ၂၀၂၄ ခုနှစ် ASEAN Smoke Free Award (ASA) ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးအတွက် မြေပြင်အဆင့်လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရေး မြို့နယ်အဆင့်ကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် ၉ ရပ်ကို ချပြရှင်းလင်းသည်။
မြို့နယ်ဆေးလိပ်ငွေ့ကင်းစင်ရေး အကောင်အထည်ဖေါ်ဆောင်ရွက်ရေး ကော်မတီ အတွင်းရေးမှူး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသန့်ဇင်က ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်း ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များ၊ အသိပညာပေး လုပ်ငန်းအဖြစ်၊ အခြေခံပညာကျောင်းများ၊ အစိုးရဌာနရုံးများ၊ ဘာသာရေးအဆောက်အအုံများ၊ လူအများစုဝေးလေ့ရှိသည့်နေရာများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများ၊ အားကစားရုံနှင့်ကစားကွင်းများနှင့် ဆေးလိပ်အရောင်းဆိုင်များတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးနေရာများအဖြစ်သတ်မှတ်၍ စီမံချက်ချဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်မြို့လုံးဆေးလိပ်ငွေ့ ကင်းစင်စေရေး ဟောပြောပွဲ၊ ပြိုင်ပွဲများလုပ်ဆောင်သွားမည်ဖြစ်ပြီး လှုပ်ရှားမှု ဗီနိုင်းပိုစတာများ၊ လက်ကမ်းစာစောင်များနှင့် စတေကာကပ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင်ဆေးလိပ်မသောက်ရနယ်မြေများအဖြစ် သတ်မှတ်ပေးခြင်းအပြင် ဆေးလိပ်သောက်ခွင့်ရှိသောနေရာများကိုပါ သီးသန့်ထားရှိပေးမည်ဖြစ်ပြီး အခါအားလျော်စွာစစ်ဆေးခြင်းများလည်း ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါတားမြစ်ချက်များကိုဖေါက်ဖျက်ပါက ဥပဒေအရဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ကော်မတီအဖွဲ့ဝင် ရေလယ်ဘုရားဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းက ဆေးလိပ်အန္တရာယ် ကိုယ်တွေ့ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကိုပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသူများမှ သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးရာ ကော်မတီအတွင်းရေးမှူးက ပြန်လည်ဖြေကြားရှင်းလင်းပြီး၊ တက်ရောက်လာသူများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှထုတ်ဝေသည့် "ဆေးလိပ်၊ ဆေးရွက်ကင်းစင်မှ ရောဂါဘယကင်းဝေးရ" အသိပညာပေးလက်ကမ်းစာစောင်ကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)